ရေး၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ ကနင်းကမော့နဲ့ အောင်သာယာကျေးရွာဘက်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဥယျာဉ်ခြံလုပ်သားတွေ ချက်ချင်းဆိုသလို ထွက်ပြေးခဲ့ရပြီး ဘယ်သူမှ ခြံထဲ မသွားရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နှစ်ကရင်ကျေးရွာအနီး ရော်ဘာခြံတွေထဲမှာ ဆက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲ ထပ်ဖြစ်တာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ရေးတိုက်ပွဲနဲ့ ပတ်သက်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေး မြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည် ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media