မော်လမြိုင် ၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံအတွင်းက လူငယ် ၇ ဦးမှာ ၁ ဦးဟာ တကိုယ်ရည်လုံခြုံမှုမရှိဘဲ အမြဲကြောက်ရွံ့ စိုးရိမ်နေရတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က ထုတ်ပြန်လာတာပါ။

လူငယ်တွေ လုံခြုံမှုမရှိဘဲ အမြဲကြောက်ရွံ့နေရတာဟာ စစ်ကော်မရှင်ရဲ့ အတင်းအကြပ် စစ်အင် အား စုဆောင်းမှုတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ၊ မူးယစ်ဆေးဝါး ပြန့်ပွားမှုတွေအပြင် စိုးရိမ်ကြောက်ရွံ့မှုတွေက လူငယ်တွေကို စိတ်ကျန်းမာရေး ထိခိုက်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းက လူဦးရေရဲ့ ၂ ဒသမ ၅ သန်းနီးပါးဟာ တကိုယ်ရည် လုံခြုံရေးအတွက် ကြောက်ရွံ့နေကြသလို လူဦးရေ ၆ သန်းဟာလည်း ညဘက်တွေမှာ တစ်ယောက်တည်း အပြင်ထွက်ဖို့ မလုံခြုံမှုကို ခံစားနေရတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူငယ် တစ်ဦးကတော့ UNDP ရဲ့ ထုတ်ပြန်ချက်ဟာ နည်းတောင်နည်းသေးတယ်လို့ ခံစားရသလို လူငယ်တွေဟာ ပြည်တွင်းစစ်ဒဏ်၊ မူးယစ်ဆေးဝါးဒဏ်အပြင် အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်း ပြည်ရဲ့ ဒဏ်တွေကြောင့် စိတ်မလုံခြုံမှု ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“UNDP သုံးသပ်ထားတာ နည်းတောင်နည်းသေးတယ်လို့ ခံစားရတာပေါ့။ လူငယ် ၇ ယောက်ဆို ၆ ယောက် လောက်ကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိတ်မလုံခြုံမှု ခံစားနေရတာပေါ့နော်။ ဘယ်နေရာနေနေ အဓိကတော့ လူငယ်တွေက ဒီပြည်တွင်းစစ်ဒဏ်ရောနောက် မူးယစ်ဆေးဝါးဒဏ်ရောပေါ့နော်။ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ ဒဏ်ရော ဒီလူငယ်တွေမှာ သွားပြီးတော့ သွားပိနေတယ်။လူငယ်တွေရဲ့ စိတ်က မလုံခြုံဘူး။စိတ်ဒဏ်ရာရနေကြတယ်။ အကုန်လုံးပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် လူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိတ်လုံခြုံမှုမရှိဘဲ စိတ်ဒဏ်ရာရရတဲ့အပြင် လွတ်လပ်စွာ သွားလာခွင့်တွေ၊ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်တွေအပြင် နေ့စဉ်စားဝတ်နေရေး ရှာဖွေ စားသောက်ဖို့ အတွက်တောင် မလုံခြုံတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

UNDP ကတော့ အခုလို လူငယ်တွေ တကိုယ်ရည် လုံခြုံမှုမရှိဘဲ အမြဲ ကြောက်ရွံ့ စိုးရိမ်နေရတာဟာ ကျေးလက်ဒေသ ဒါမှမဟုတ် ပဋိပက္ခဒေသတွေမှာသာမကတော့ဘဲ ရန်ကုန်ကဲ့သို့သော မြို့ပြဒေသတွေဟာလည်း ကယားနဲ့ ကချင် ပြည်နယ်လို့ မလုံခြုံမှုတွေ များပြားလာတယ်လို့ ဆိုထားပါတယ်။

မလုံခြုံဘူးလို့ ခံစားနေရတဲ့ လူငယ်တွေဟာ စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် မတိုင်ခင်က ၁၀၀ ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်းသာရှိပေမယ့် လက်ရှိ ၄၀ ရာခိုင်နှုန်းဝန်းကျင်ထိ မြင့်တက်လာတာကြောင့် နှစ်ဆကျော် ပိုများလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာ ဒေသတွင်းက လူငယ်အများစုဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာတာ၊ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့ရတာ၊ အတင်းအဓမ္မ စစ်သား စုဆောင်းတာအပြင် အခက်အခဲ အကျပ်အတည်း များစွာနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Simsa Kasa Multimedia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.