နေပြည်တော် ၊ အောက်တိုဘာ ၁၂

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် ကြေညာခဲ့ရာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံမှု အချက်အလက်ကွဲလွဲမှုနဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဌဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ ဆန္ဒမဲပေးနိုင်ဖို့ မဲစာရင်းတွေကို ပထမကြိမ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး သုံးပတ်အထိ တိုးမြှင့်ကာ သက်ဆိုင်ရာ ရွေးကော်အဖွဲ့ခွဲရုံးတွေနဲ့ ရပ်ကျေးရုံးတွေမှာ ကပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီမဲစာရင်းတွေထဲမှာ သေဆုံးသူတွေ ပါဝင်တာ၊ ရွှေ့ပြောင်းသွားလာသူတွေ ပါဝင်တာ၊ အချက်အလက် မမှန်ကန်တာတွေ ပါဝင်နေတဲ့အပြင် မဲပေးပိုင်ခွင့်ရှိသူတွေ နာမည်လုံးဝ မပါတာတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

ထူးခြားချက်အနေနဲ့ စစ်ကော်မရှင်ရဲ့ အာဏာစက်တည်ရှိတဲ့ နေပြည်တော်မှာလည်း မဲစာရင်းမှားယွင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ ဦးလှဆွေက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်တပ်က အခုတစ်ခါ သူတို့ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှားယွင်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဝေဖန်ခံနေရပါတယ်။

ဒီအခြေအနေအပေါ် စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က ဒေသတချို့မှာ မဲစာရင်းမပြည့်စုံတာ အချက်အလက်ကွဲလွဲတာ လိုအပ်ချက်တွေ အနည်းငယ်ရှိနေတာကို တွေ့ရတယ်လို့ အစည်းအ ဝေးမှာ ဝန်ခံပြောဆိုထားတာပါ။

မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ လက်ရှိအခြေအနေမှာ ပြီးပြည့်စုံတဲ့ မဲစာရင်းဖြစ်လာမှာ မဟုတ်သလို ဘယ်လောက်ပဲ တိကျအောင် လုပ်လုပ် ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ မဲစာရင်း မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြီးပြည့်စုံတဲ့ မဲစာရင်းဆိုတာတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဒီကာလဆို ပိုတောင်ဝေးသေးတယ်။ အမေရိကန်လို နိုင်ငံမျိုးတောင်မှ တကယ့်ခေတ်မီတဲ့ နိုင်ငံမျိုးတောင် မဲစာရင်းဆိုတာ ပြီးပြည်စုံတာ မရှိဘူးလေ။ ၁၀၀ ရာခိုင်နှုန်း မဲစာရင်းမှန်ကုန်အောင် လုပ်နေလို့ကတော့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အဓိက အနီးစပ်ဆုံးလောက်ပဲ ဖြစ်မှာပါ။ ဒီမဲစာရင်းနဲ့ ထောက်ပြီး ပြဿနာတွေ တက်ထားတဲ့အတွက် မဲစာရင်းပေါ်မှာ နည်းနည်းဆို စိတ်ခံစားမှုဖြစ်နေတာ ရှိမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ တိကျအောင်လုပ်လုပ် မဲစာရင်းဆိုတာ ၁၀၀ ရာခိုင်နှုန်းမှန် ကန်တဲ့ မဲစာရင်းဆိုတာတော့ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ အနေနဲ့ ဒီလိုပဲ စဉ်းစားမိတယ်”လို့ ဆိုပါတယ်။

လက်ရှိ အတည်ပြုလူဦးရေစာရင်းမှာ ဌာနဆိုင်ရာ ဝန်ထမ်းအချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြောင်းရွှေ့နေထိုင်ရာဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်း ရွှေ့ဝင်ရောက်မှု မရှိသေးတဲ့အတွက် မဲစာရင်းပြုစုရာမှာ ကျန်ရှိနေတာ ကွဲလွဲနေတာလို့ ဆိုပါတယ်။

အဲဒါတွေကို ရွေးကောက်ပွဲနည်းဥပဒေပါ သတ်မှတ်ပုံစံတွေ ဖြည့်စွက်ပြီး မဲစာရင်းမှာ ပါရှိစေဖို့ အချက်အလက်ကွဲလွဲမှု မရှိစေဖို့ ဆောင်ရွက်ပေးရမယ်လို့ လဝက ဝန်ကြီးက အစည်းအဝေးမှာ ပြောပါတယ်။

မဲစာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနဲ့ မဲပေးပိုင်ခွင့်မရှိသူတွေ မပါဝင်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ကြပ်မတ်စိစစ်ရမယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိအမည် မဲစာရင်းမှာ ပါ မပါ အချက်အလက်မှန်ကန်မှု ရှိ မရှိ မဲစာရင်း ကြေညာထားတဲ့ နေရာတွေမှာ လာရောက်ကြည့်ရှုနိုင်ဖို့နဲ့ ပြင်ဆင်ဖြည့်စွက်ဖို့ လိုအပ်ချက်တွေရှိရင် သတ်မှတ်ပုံစံတွေနဲ့ ဖြည့်စွက်နိုင်ရေး တာဝန်ရှိသူတွေကို နှိုးဆော်အသိပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ မဲစာရင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေလောက်သာ သွားကြည့်ကြတဲ့အတွက် အချက်အလက်ကွဲလွဲတာကို သိကြတာဖြစ်ပြီး စိတ်မဝင်စားတဲ့သူတွေကတော့ သိလောက်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လူတွေက လက်ရှိ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုမရှိဘူး၊ ရွေးကောက်ပွဲအပေါ် အာရုံစူးစိုက်မှုမရှိတဲ့အတွက် ကိုယ့်နာမည် ပါလား မပါလားလည်း သွားမကြည့်ဘူး။ စိတ်ဝင်စားတဲ့လူလောက်ပဲ သွားကြည့်တယ်။ပြီးတော့ မဲစာရင်းမှာ သူ့နာမည်မပါဘူးဆိုတဲ့အပေါ်မှာ တချို့ကလည်း ပါတယ်။ သေတဲ့လူကလည်း ပါတယ်ဆိုတာ ဒါကတော့ စိတ်ဝင်စားလို့ သွားကြည့်လို့ သိတာ။ စိတ်မဝင်စားတဲ့သူကတော့ (မဲစာရင်းမှာ ကိုယ့်နာမည်) ပါလည်း မသိ မပါလည်း မသိဘူးပေါ့”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေ‌ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု အလွန်အားနည်းနေတာပါ။

စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီးကတော့ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ ကြပ်မတ်ပေးရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် မဲစာရင်း မထုတ်ပြန်မီ ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှုရဲ့ လိုအပ်ချက်တွေ မပြည်စုံမှုတွေအပေါ် အောက်ခြေမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီကစပြီး စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုရမယ်လို့ ညွန်ကြားထားတာပါ။

အဆင့်ဆင့် အတည်ပြုပြီး လက်ရှိ အသက် ၁၈ နှစ်နဲ့အထက် အတည်ပြုလူဦးရေစာရင်းကို ဗဟိုကော်မတီဆီ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြဖို့နဲ့ အဲဒီကနေ ဒုတိယအကြိမ် မဲစာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်ပေးပို့သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.