ထားဝယ်၊ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထီးခီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူနေအိမ် ၇၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထီးခီးကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က Y12၊ FTC-2000G ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးသီးအလုံးရေ ၄၀ ကျော် လာရောက်ကြဲချခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့ လယ်ပိုင်းတို့မှာ ထီးခီးကျေးရွာကို ဗုံးသီးအလုံး ၄၀ ကျော် ကြဲချခဲ့တဲ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ထပ်မံ လာရောက်ကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထီးခီးကျေးရွာ ဗုံးကြဲမှုအတွင်း ဒေသခံပြည်သူ ၃၅၀ ကျော်ဟာလည်း ထိုင်းဘက်ခြမ်းနဲ့ နီးစပ်ရာတောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထီးခီးကျေးရွာက ဒေသခံအများအပြားဟာ ထီးခီးနယ်စပ်စခန်းသိမ်းတိုက်ပွဲကတည်းက ထိုင်းနယ်စပ်နဲ့ နီးစပ်ရာတောတောင်တွေကို တိမ်းရှောင်နေရပြီး လက်ရှိမှာလည်း စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုတွေကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ တနင်္သာရီတိုင်းရှိ မြို့နယ်အများစုမှာ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတဲ့အပြင် စစ်ကြောင်းထိုး လှုပ်ရှားတာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.