တိုင်ပေ ၊ အောက်တိုဘာ ၇
ထိုင်ဝမ်ကို စစ်အင်အား အသုံးပြုပြီး သိမ်းသွင်းမယ့် အစီအစဉ်ကို စွန့်လွှတ်စေဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နားဝင်အောင် ပြောကြားနိုင်မယ်ဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်အနေနဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ပြောလိုက်ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံရေး မထားရှိပေမယ့် တရုတ်က သူတို့အပိုင် ဖြစ်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာထောက်ခံသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ် စောစောပိုင်းက အိမ်ဖြူတော်ကို ဒေါ်နယ်ထရန့် ပြန်ရောက်လာပြီးနောက်ပိုင်း ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု မရှိသေးပါဘူး။
အမေရိကန် ရှေးရိုးစွဲ ရေဒီယိုအစီအစဉ်တစ်ခုမှာ ထိုင်ဝမ်သမ္မတက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထရန့်က သူ အမေရိကန်သမ္မတ ဖြစ်နေတဲ့အချိန်ကာလ အတွင်းမှာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သြဂုတ်လက ပြောဆိုခဲ့တဲ့ စကားကို သမ္မတ လိုင်ချင်းတီက ကိုးကားပြီးတော့ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ သမ္မတ ထရန့်ရဲ့ ကူညီထောက်ခံမှု ဆက်လက် ရရှိဖို့ မျှော်လင့်ပါတယ်။ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ ရန်စတဲ့ကိစ္စကို ရှီကျင့်ဖျင် အနေနဲ့ စွန့်လွှတ်စေဖို့ သမ္မတ ထရန့်က နားချပေးနိုင်မယ်ဆိုရင် သူ့အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ရမှာက သံသယ ရှိစရာမလိုဘူးလို့ သမ္မတလိုင်က ပြောခဲ့တာပါ။

အိမ်ဖြူတော်မှာ အရင်က တာဝန်ထမ်းဆောင်ဖူးသူ သမ္မတ လေးဦး ရရှိခဲ့ဖူးတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုနဲ့ မိမိထိုက်တန်တယ်လို့ ထရန့်က ပြောဆိုဖူးပါတယ်။
ယခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို နော်ဝေးနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက်ကျရင်း ကြေညာတော့မှာပါ။
သမ္မတ ထရန့်နဲ့ တွေ့ဖြစ်ရင် သူ့အနေနဲ့ ထိုင်ဝမ်ကို မကျူးကျော်ဖို့ ပြောမှာလားဆိုတဲ့ မေးခွန်းကို သမ္မတ လိုင်က သူ့အနေနဲ့ အကြံပေးသွားမယ်လို့ ပြောပါတယ်။
Ref:Reuters