ရေဖြူ၊ အောက်တိုဘာ ၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာ တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနတပ်ခွဲ ၆ ထံကနေ သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဧကနိကျေးရွာမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ နှစ်ရက်ဆက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီးနောက် ဧကနိကျေးရွာက နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဒေါနတပ်ခွဲ ၆ တာဝန်ခံ ကိုပျံလွှားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော် ရေဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်း ဦးနိုင်ဦးရဲ့ နေအိမ်လည်း ပါဝင်သွားတယ်လို့ ဆိုပါတယ်။
ရေဖြူတိုက်ပွဲအတွင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် စစ်ဘေးရှောင်နေတဲ့ ခမောက်ချောင်း၊ ဧကနိ၊ ဝက်ချောင်းကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ထဲက အနည်းစုသာ ကျေးရွာထဲကို ပြန်လာနေကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ