သရက်ချောင်း၊ အောက်တိုဘာ ၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ် အလုံး ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ တောင်ပျောက်တိုက်နယ်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ကျောက်လှေကားကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့က ကျောက်လှေကားကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သင်းကျွန်းကျေးရွာနဲ့ ရန်တောင်ကျေးရွာက နေအိမ် ၃၈ လုံးကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU