မကွေး အောက်တိုဘာ ၁
မကွေးတိုင်း မင်းဘူးခရိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ နှိုးဆော်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၁ ရက်က စတင်ပြီးတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေထံမှာ အိမ်ထောင်စုစာရင်းတွေ ပေးအပ်ကြဖို့ နှိုးဆော်နေတာပါ။
“ဘယ်ရက်လုပ်မယ် ဆိုတာမျိုးတော့ မပြောသေးဘူး။ အုပ်ကြီးတွေဆီမှာ အိမ်ထောင်စုစာရင်း ပေးကြဖို့နဲ့ မဲမထည့်မနေရ ဆိုပြီးတော့ အသံချဲ့စက်နဲ့အော်နေတာ။” လို့ ပွင့်ဖြူမြို့နယ် ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက်ဆိုပြီး သန်းခေါင်စာရင်းကောက်ယူတာတွေကို ၂၀၂၅ ခုနှစ် အစပိုင်းမှာပြုလုပ်ခဲ့ပေမယ့် ပွင့်ဖြူမြို့နယ်က ကျေးရွာတိုင်းကို စာရင်းမကောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်ရဲ့ မြေပြင်အခြေနေအရလည်း မြို့နယ်ရဲ့ ၃ ပုံ ၁ ပုံနီးပါးကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားတဲ့အတွက် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်တဲ့သူတွေ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောဆိုနေကြပါတယ်။
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက မင်းဘူး ခရိုင်ပကဖက ဒေသခံလူထုကို ဟောပြောဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်ထဲက စလင်းနဲ့ ပွင့်ဖြူမြို့နယ်ကို ရွေးကောက်ပွဲ ပထမအသုတ်မှာ ပါဝင်တယ်လို့ ကြေညာပြီးတဲ့နောက် စစ်ကော်မရှင်က သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ စစ်ကြောင်းတွေ ဆက်တိုက် ထိုးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀၀၀၀ နီးပါးဟာ လက်ရှိအချိန်ထိ ရှောင်တိမ်းနေကြရဆဲ ဖြစ်တယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI