မနီလာ အောက်တိုဘာ ၁
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသူ ၆၀ အထိ ရှိလာပြီ ဖြစ်ကြောင်း သဘာဝဘေး စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို လေ့လာ စစ်ဆေးနေချိန် ဘိုဂိုမြို့နဲ့ တခြား ငလျင်ဘေးသင့်ရာ မြို့တွေနဲ့ ဒေသတွေမှာ ဘေးဒုက္ခဆိုက်တဲ့ အခြေအနေ ကြေညာထားပါတယ်။

ငလျင်ဟာ ဆီဘူးမြို့ ကမ်းရိုးတန်းအလွန်မှာ စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦ အများအပြား ပြိုကျခဲ့ပါတယ်။
ဖိလစ်ပိုင် မီးတောင်နဲ့ငလျင် အင်စတီကျု့ဒ်က ဆူနာမီ အကြံပြုချက်ကို ရုတ်သိမ်းထားပြီး ပင်လယ်ရေမျက်နှာပြင် အသေးစား အနှောင့်အယှက် ဖြစ်မှုရဲ့ ရိုက်ခတ်မှု အများစု ဖြစ်ပေါ်ပြီးသွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ဗီဆာယက်စ်ဒေသမှာ တည်ရှိတဲ့ ချီဘူမြို့ဟာ လူဦးရေ ၁ သန်းနီးပါး ရှိတဲ့ မြို့ ဖြစ်ပါတယ်။

ဆီဘူးမြို့ မြောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်လှိုင်းတွေ လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ ညပိုင်း အပြင်ဖက်မှာ နေထိုင်ခဲ့ရ ပါတယ်။
ဒဏ်ရာရသူတွေ များလွန်းတာကြောင့် ဆေးရုံတွေမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
လမ်းတွေနဲ့ တံတားတွေ ကျိုးပျက်သွားတာကြောင့် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ မဝင်ရောက်နိုင်သေးတဲ့ နေရာတွေလည်း ရှိနေပါတယ်။
ဖိလစ်ပိုင်ဟာ ပစိဖိတ်သမုဒ္ဒရာတဝှမ်း နှစ်စဉ် ဖြစ်ပေါ်လေ့ရှိတဲ့ တိုင်ဖွန်း မုန်းတိုင်တွေရဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေသလို ငလျင်ကြောပေါ်မှာ တည်ရှိတာကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။
အဲဒီ ဒေသမှာ ရစ်ချ်တာစကေး ၆ ဒသမ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၆၁၁ ကြိမ် ရှိခဲ့ကြောင်း ငလျင် ပညာရှင်တွေက ပြောကြားထားပါတယ်။
Ref:BBC