နေပြည်တော် ၊ အောက်တိုဘာ ၁
တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီမံကိန်းတွေ သဘောတူညီချက်တွေကို အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်သွားဖို့ စစ်ခေါင်းဆောင်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ စက်တင်ဘာ ၃၀ ရက်နေ့က ကာဇတ်စတန်နိုင်ငံကနေအပြန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့လေဆိပ်မှာ ခတ္တရပ်နားပြီး တရုတ်ကွန်မြူနစ်ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံမှုမှာတော့ စစ်ခေါင်းဆောင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ပါတီရဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူးအပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ အထူးကိုယ်စားလှယ်တို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးမှုအရ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေးအတွက် နှစ်နိုင်ငံ အပြည့်အဝ ပူးပေါင်းသွားမယ့် အခြေအနေတွေကို ဆွေး နွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။
လက်ရှိမှာလည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရှမ်းမြောက်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ရေးအရ ကြိုးပမ်းနေတာကြောင့် တအာင်းတပ် TNLA နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲကျင်းပပြီးစီးတဲ့ ကာလအထိ ရှမ်းမြောက်က ကျောက်မဲနဲ့ သီပေါမြို့ဟာ စစ်တပ်အတွက် နောက်ဆုံးထိုးစစ်လို့ သုံးသပ်ပါတယ်။
“ရှမ်းမြောက်စစ်ရေး အနေအထားဆိုရင် ကျောက်မဲကတော့ နောက်ထပ် ၂၄ နာရီအတွင်းလောက်ဆိုရင် စစ်တပ်က အလုံးစုံထိန်းချုပ်သွားနိုင်မယ့် အနေအထားမျိုး တွေ့ရတယ်။ ဒါပြီးရင် သီပေါကိုလည်း ဆက်ပြီး စစ်ရေးအရ တိုက်ဦးမယ့် အနေအထားရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲပြီးတဲ့ကာလအထိ ကျောက်မဲ သီပေါမှာက ရှမ်းမြောက်ရဲ့ နောက်ဆုံးစစ်ပွဲတွေလို့ပဲ ပြောရမယ့် အနေအထားပေါ့။ အဲဒါတွေ ပြီးသွားရင်တော့ ရှမ်းမြောက်မှာ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်စရာ နယ်မြေကုန်ဆုံးသွားပြီလို့ပဲ ယေဘုယျအားဖြင့် သတ်မှတ်ရမှာပေါ့”လို့ဆိုပါတယ်။
စစ်ကော်မရှင်အနေနဲ့ လာမယ့် ဒီဇင်ဘာမှာ အထွေထွေရွေးကောက်ကျင်းပဖို့ အခြေအနေမရှိတဲ့ တိုင်းနဲ့ပြည်နယ်က ၅၆ မြို့နယ်မှာ ရှမ်းမြောက်က ၁၇ မြို့နယ် ပါဝင်ပေမယ့် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်ကိုတော့ ချန်လှပ်ထားပါတယ်။
အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရှမ်းပြည်နယ်မှာတော့ စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချိုအပါအဝင် ၁၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာထားတာပါ။
စစ်ခေါင်းဆောင်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကြား ဆွေးနွေးမှုမှာတော့ မြန်မာ၊ တရုတ်နဲ့ ယူနန်ပြည်နယ်တို့အကြား ကူးလူးဆက်ဆံမှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအပါအဝင် နှစ်နိုင်ငံနဲ့ ပြည်သူနှစ်ရပ်အကြား အကျိုးရှိစေမယ့် ပူးပေါင်းမှုတွေကို ဆက်လက်တိုးမြှင့်သွားနိုင်မယ့် ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။
တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်ရှိ မြို့တွေကို ဆုံးရှုံးထားရတဲ့ စစ်တပ်အနေနဲ့ ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဲဒီမြို့တွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့ ပုံစံတစ်မျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
တစ်ဘက်မှာတော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာပါဝင်တဲ့ စီမံကိန်းတွေ သဘောတူညီချက်တွေကို အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်သွားဖို့ စစ်ခေါင်းဆောင်က တရုတ်ကွန်မြူနစ်ပါတီဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့ကြပါတယ်။
စီးပွားရေးစင်္ကြံမှာပါဝင်တဲ့ စီမံကိန်းတွေထဲက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း ၊ မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်နေတယ်ဆိုပြီး ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ထုတ်ပြောထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ကျောက်ဖြူမှာ စစ်ရေးတင်းမာနေတာကြောင့် စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲလုပ်လို့ရနိုင်မယ့် အနေအထားရှိရင် စီမံကိန်းတွေ တိုးချဲ့သွားမယ့် သဘောမျိုးလို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင်အထိ ကျောက်ဖြူမှာ ရွေးကောက်ပွဲလုပ်လို့ ရနိုင်မယ့် အနေအထားရှိသွားပြီဆိုရင်တော့ ကျောက်ဖြူ သဘာဝပိုက်လိုင်းစီမံကိန်းက ရှမ်းမြောက်နဲ့ နဂိုအတိုင်းပဲ ဆက်လက်ပြီး တိုးချဲ့လုပ်သွားနိုင်မယ့် အနေအထားမျိုး ရှိတယ်”လို့ ပြောပါတယ်။
အပိုင်း ၁ အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်က စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြို့တော် စစ်တွေအပါအဝင် မာန်အောင်နဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ အများအပြားရှိတဲ့ ကျောက် ဖြူမြို့နယ်မှာသာ ကျင်းပဖို့ ကြေညာထားတာပါ။
ကျောက်ဖြူမှာ AA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စီမံကိန်းလုံခြုံရေးအတွက်ဆိုပြီး ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ တရုတ်ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီနှစ်ခုကို စက်တင် ဘာ တတိယပတ်အတွင်း စစ်ကော်မရှင်က လိုင်စင်ချပေးထားတယ်လို့ ဒေသတွင်း သတင်းတွေကနေ သိရပါတယ်။
ISP – Myanmar ရဲ့ အချက်အလက်တွေအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။
စင်္ကြံလမ်းမတလျောက်မှာ အထူးစီးပွားရေးဇုန်တွေ၊ ဆိပ်ကမ်းတွေ၊ အဆင့်မြင့်နယ်စပ်ဂိတ်တွေ၊ ကုန်လှောင်ရုံတွေ၊ ကုန်လမ်းရော ရေလမ်းပါ နှစ်ခုစလုံးကို အသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မယ့် လမ်းကြောင်းတွေ ဖြစ်ပေါ်လာစေဖို့ အကောင်အထည်ဖော်သွားမယ့် စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် စီးပွားရေးစင်္ကြံမှာ ပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ တရုတ် နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမယ့် ဒေသတွင်းမဟာဗျူဟာကျတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်တယ်လို့ ISP – Myanmar ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI