ဒူဘိုင်း၊ ဝါရှင်တန်၊ အောက်တိုဘာ ၁

သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူများ နှိမ်နှင်းမှုအရ အမေရိကန်က ပြန်လည်ပို့ဆောင်မယ့် အီရန်နိုင်ငံသား ၄၀၀ ထဲက ပထမအုပ်စုဟာ အောက်တိုဘာ ၁ ရက်မှာ ကာတာနိုင်ငံသို့ ရောက်ရှိပြီး တီဟီရန်သို့ ဆက်လက် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ အုပ်စုမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရာဇဝတ်ကောင်တွေရော၊ အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာသူတွေရော ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။

ဒါဟာ အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ ထိပ်တိုက်တွေ့နေတဲ့ နှစ်နိုင်ငံကြား ပုံမှန်မဟုတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ အရပ်ဖက်အတွက် ဖြစ်တယ်လို့ တီဟီရန်က ပြောထားပေမယ့် ဝါရှင်တန်က နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သံသယရှိနေတာပါ။

အမေရိကန်နဲ့နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု ရယူမယ်ဆိုတဲ့ အကြံကို အမည်မဖော်လို့တဲ့ အီရန်အရာရှိက ပယ်ချထားပါတယ်။

အမေရိကန်အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူများ တားဆီးရေး အစီအစဉ် အသစ်အရ တရားမဝင် ဝင်ရောက်လာသူ အများစု ပါဝင်တဲ့ အီရန် နိုင်ငံသား ၄၀၀ ကို အမေရိကန်က ပြန်ပို့ဖို့ ပြန်ဆင်နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဟိုစိန် နော်ချာဘာဒီက ပြောပါတယ်။

ပထမဆုံး အသုတ်မှာ မက္ကစီကိုကတဆင့် အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်သွားတဲ့ အီရန်နိုင်ငံသား ၁၂၀ ပါဝင်မှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဟိုစိန်က ပြောထားပါတယ်။

အမေရိကန်နိုင်ငံထဲက အီရန် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို လေးစားသမှု ရှိဖို့ ဝါရှင်တန်ကို ဟိုစိန်က တိုက်တွန်းခဲ့ပါတယ်။

လူ ၁၂၀ ပါတဲ့ ပထမအသုတ်ဟာ အီရန်သို့ လာမယ့် တစ်ရက်နှစ်ရက် အတွင်း ပြန်ရောက်လာမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာ လူဝီစီးယားနားပြည်နယ်ကနေ ထွက်ခွာလာတဲ့ အမေရိကန် လေယာဉ်ဟာ ကာတာသို့ အောက်တိုဘာ ၁ ရက်မှာ ရောက်ရှိပြီး တီဟီရန်သို့ ပို့ဆောင်မယ့် လေယာဉ်ဆီ အီရန်နိုင်ငံသားတွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.