မကွေး အောက်တိုဘာ ၁

မကွေးတိုင်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့မှာ စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စလင်းမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်အစပ်က လက်မဲ​ကန်အနီးမှာ စလင်းဘက်ကလာတဲ့ စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးနေတာပါ။

“အရင်လတွေတုန်းကလည်း ဆွဲတယ်။ ဒီလလည်း ဆွဲတယ်။ မနေ့ကဆို တစ်နေရာတည်းနဲ့ ခြောက်ယောက်လောက်ပါတယ်။ ဒီလိုမျိုးဖြစ်လာနေတာ နှစ်လသုံးလလောက်ရှိပြီ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေက စက်တင်​ဘာ ၃၀ ရက်မှာ လက်မဲ၊ ရွှေဘိုရွာသစ်၊ လက်ပကန်နဲ့ ကံပြည့်ကျေးရွာက ရွာသား စုစုပေါင်း ၈ ယောက်ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသူ တချို့ကို အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ ငွေကြေးနဲ့လိုက်လံ ရွေးထုတ်နိုင်ကြပေမယ့် တချို့ကတော့ ပြန်လည်လွတ်မြောက်လာတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် စလင်းနဲ့ ပွင့်ဖြူမှာ ပေါ်တာဆွဲခံရသူ အရေအတွက်ဟာ စုစုပေါင်း အယောက် ၆၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီလို ပေါ်တာဆွဲ အဖမ်းခံရသူတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးအစပ်ဒေသတွေဆီ ပို့ဆောင်လိုက်ကြောင်း၊ တချို့ကတော့ ငွေကြေးပေးပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.