ဘားအံ၊ စက်တင်ဘာ ၃၀
စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအပေါ် အပြည့်အ၀ ပူးပေါင်းကာကွယ် ဆောင်ရွက်သွားမယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ BGF ၊ DKBA ၊ KNU/KNLA PC အဖွဲ့ သုံးဖွဲ့တို့က စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့က BGF အမှတ် ၂ တပ်နယ်ဌာနချုပ်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ် မတော် DKBA ၊ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ သုံးဖွဲ့တို့က အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး ကရင်ပြည်နယ်နဲ့ ပြည်သူလူထုတို့ရဲ့ အနာဂတ်အတွက်ဟုဆိုပြီး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ကရင်ပြည်နယ်ရဲ့ လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေအရပ်ရပ်အပေါ် လေ့လာသုံးသပ်ကြပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မယ့် ဒီမိုကရေစီနည်းလမ်းကျတဲ့ ပြည်သူ့ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေမှာဖြစ်တယ်လို့ ကရင်လက်နက်ကိုင် သုံးဖွဲ့က ဆိုပါတယ်။
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မယ့်အပြင် ကရင်ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မည်ဟု သုံးသပ်ယူဆကြောင်း ကရင်လက်နက်ကိုင် သုံးဖွဲ့က ဆိုထားပါတယ်။
ရွေးကောက်ပွဲမှာ ပါဝင်ဆန္ဒပြုကြမယ့် ဒေသခံပြည်သူတွေရဲ့ လွတ်လပ်သောသဘောဆန္ဒအရ ပူး ပေါင်းပါဝင်နိုင်မှုကို အလေးထားအသိအမှတ်ပြုကာ ဒီမိုကရေစီစံချိန်စံညွှန်းတွေကို လေးစားတန်ဖိုးထားလျက် လွတ်လပ်သောဆန္ဒနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့ အဖွဲ့စုံပူးပေါင်းမှုနဲ့ ကာကွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်သူတို့ရဲ့ တည်ငြိမ်းအေးချမ်းသောဘဝကို ဖော်ဆောင်နိုင်စေရေးအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း ကရင်လက်နက်ကိုင် သုံးဖွဲ့တို့က ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ထဲမှာ ကရင်နယ်ခြားစောင့်တပ် BGF ကတော့ စစ်ကော်မရှင်လက် အောက်ခံတပ်အဖြစ်ကနေ နှုတ်ထွက်ထားတယ်လို့ ၂၀၂၄ ခုနှစ်က ကြေညာထားခဲ့ပြီး ကရင်အမျိုး သားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC တို့ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်ကြပြီး စစ်ကော်မရှင်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ တက်ရောက်တွေ့ဆုံခဲ့ကြတဲ့ အဖွဲ့တွေလည်း ဖြစ်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BGF/KNA