ဘေဂျင်း၊ စက်တင်ဘာ ၂၉
တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ကျေးလက်ရေးရာဝန်ကြီး တန်ရန်ကျင်းကို ကျီးလင်ပြည်နယ်ရှိ တရားရုံး တစ်ရုံးက လာဘ်ပေးလာဘ်ယူမှုနဲ့ စက်တင်ဘာ ၂၈ ရက်မှာ ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
ဝန်ကြီးဟောင်း တန်ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ရာထူးနေရာ အမျိုးမျိုးမှာ တရုတ် ယွမ်ငွေ ၂၆၈ သန်းကျော် (ကန်ဒေါ်လာ ၃၇ ဒသမ ၆ သန်း) တန်ဖိုးရှိ ငွေသားနဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် လာဘ်လာဘ ရယူခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြတာပါ။

မစ္စတာ တန်က သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဝန်ခံခဲ့ပြီး သူ့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို နှစ်နှစ် ဆိုင်းငံ့ထားလိုက်ကြောင်း ချန်ချွမ်း အလယ်အလတ် ပြည်သူ့တရားရုံးက ကြေညာခဲ့ပါတယ်။
မစ္စတာ တန်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက စုံစမ်းစစ်ဆေးပြီး ရာထူးကနေ ဖယ်ရှားလိုက်ပြီး ခြောက်လအကြာမှာ တရုတ် ကွန်မြူနစ်ပါတီက ၂၀၂၄ ခုနှစ် နိုဝင်ဘာအတွင်းမှာပဲ ထုတ်ပယ်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်းဖူနဲ့ အရင်က သူ့နေရာမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဝေဖန်းဂီတို့လိုပဲ မစ္စတာ တန်ကို စုံစမ်း စစ်ဆေးမှုဟာလည်း ပုံမှန်မဟုတ်ဘဲ အလျင်အမြန် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က ၂၀၂၀ ပြည့်နှစ်အတွင်း လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး စတင်ခဲ့ပြီး ရဲတပ်ဖွဲ့၊ အစိုးရရှေ့နေတွေနဲ့ တရားသူကြီးတွေ လုံးဝ သစ္စာ စောင့်သိစေရေး၊ လုံးဝ ဖြူစင်သန့်ရှင်းပြီး ယုံကြည် စိတ်ချရရေး သေချာအောင် ကြိုးပမ်းခဲ့ပါတယ်။
တန်ဟာ စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာဝန်ကြီး ဖြစ်မလာခင်၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ အနောက်ပိုင်း ကျန်းဆုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အကျင့်ပျက် ခြစားမှုဟာ တရုတ် ကွန်မြူနစ်ပါတီအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ရှီရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ် စတင်ပြီးနောက် တရုတ်မှာ ဖမ်းဆီးခံရတာ ဒါမှမဟုတ် လူမြင်ကွင်းက ပျောက်သွားတဲ့ ထိပ်တန်း အရာရှိတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်။
Ref:Reuters