ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၆
ဘာရွေးကောက်ပွဲမှ မကျင်းပခင် မဖြစ်မနေ လိုအပ်ချက်အဖြစ် ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး အာဆီယံက မြန်မာကို တိုက်တွန်းထားတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီ မိုဟာမက် ဟာဆန်က ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ပြီးမှ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမှု ပြုလုပ်ရမှာ ဖြစ်တယ်ဆိုတဲ့ ရှင်းလင်း ပြတ်သားတဲ့ သတင်းစကားကို အာဆီယံက မြန်မာထံ ပါးလိုက်တယ်လို့ မိုဟာမက် ဟာဆန်က ပြောပါတယ်။

မြန်မာပြည်သူတွေ တစ်စိတ်တစ်ပိုင်းလောက်ပဲ ပါဝင်ခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပစရာ အကြောင်းမရှိပါဘူး။ အဲဒါက အခြေအနေကို ပိုပြီး ပြင်းထန်လာစေပါလိမ့်မယ်လို့ ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။
ရွေးကောက်ပွဲက အာဆီယံရဲ့ ဦးစားပေး မဟုတ်ပါဘူး။ အဲဒါတွေ အားလုံးက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်ကို ဖုံးကွယ်ပစ်ဖို့ လှည့်စားတာဆိုရင်ရော ဘယ်လိုလဲလို့ သူက စက်တင်ဘာ ၂၆ ရက် ကျင်းပမယ့် ၄၆ ကြိမ်မြောက်အာဆီယံ ညီလာခံ မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အမှန်တကယ် ဆန္ဒရှိကြောင်း ပြသရမှာ ဖြစ်တယ်လို့ ဝန်ကြီး မိုဟာမက် ဟာဆန်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အုတ်မြစ်အဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အားလုံးပါဝင်တဲ့ ညှိနှိုင်းမှုတွေ အောင်မြင်မှပဲ မြန်မာအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရစနစ်ဆီ လျောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒါထက် ကျော်လွန်ပြီးတော့ ပြည်ပက ကြားဝင် ဖြေရှင်းဖို့ မလိုအပ်ကြောင်းနဲ့ ဒါက အာဆီယံရဲ့ အတွင်းရေးကိစ္စဖြစ်တာကြောင့် အာဆီယံကပဲ ဖြေရှင်းရမယ်လို့ သူက ပြောပါတယ်။
ဒါက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘဲ ဒါဟာ အာဆီယံအဖွဲ့ထဲမှာ ဒေသဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာနေပြီလို့ ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောထားပါတယ်။
Ref:Bernama