နေပြည်တော် ၊ စက်တင်ဘာ ၂၅

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားမှာ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။

အပစ်ရပ်ထိုး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က စက်တင်ဘာ ၂၃ ရက်နေ့မှာ ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပကာ NCA နှစ်ပတ်လည်အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

အဲဒီ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ပကတိနိုင်ငံရဲ့ အခင်းအကျင်းကတော့ စစ်ရေးဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်နေတယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အခင်းအကျင်းက အရမ်းကို မျက် နှာငယ်ရတယ်။ အရမ်းကို သေးသိမ်ပျောက်ကွယ်လုနီးပါးကို ရှိနေတဲ့ အခြေအနေတစ်ခုအောက်မှာ ကျွန်တော်တို့က ဒီလိုမျိုး NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို အမှီပြုပြီးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို သက်ဆိုင်ရာအသီးသီးရဲ့ အမြင်ရှုထောင့်တွေကို ကျွန်တော်တို့ ရယူနိုင်ဖို့ ဖလှယ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ဘောင်ကျယ်ပြန့်လာမှုကြောင့် အကျပ်အတည်းတွေနဲ့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေတဲ့ အခင်းအကျင်းအောက်မှာ အလုပ်ရုံဆွေးနွေးပွဲကနေ စဉ်းစားချက်အသစ်တွေ ထွက်လာနိုင်လောက်တဲ့ မျှော်လင့်ချက်တော့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒ့ါအပြင် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းတွေ ပြန်လည်ပေါ်ပေါက်လာဖို့ နယ်ပယ်အသီးသီးက အမြင်သဘောထားတွေကို အခြေခံပြီး နိုင်ငံတကာနဲ့ ပြည်တွင်းက ပညာရှင်တွေအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကာလမှာ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အမြင်တွေကိုလည်း ဖလှယ်သွားဖို့ ရှိနေတာပါ။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ သီးသန့်အကြောင်း အရာအနေနဲ့ ဆွေးနွေးတင်ပြမှာမဟုတ်ဘဲ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နှစ်ဘက်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NCA နှစ်ပတ်လည် အခမ်းအနားကျင်းပရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်တဲ့ အခင်းအကျင်းဖြစ်လို့ ငြိမ်းချမ်းရေးဖိုရမ်ပြီးကတည်းက အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန်က ရှင်းပြပါတယ်။

အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာလည်း NCA အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မယ့် အစီအစဉ်တွေအပါအဝင် သွားရေးလာရေးနဲ့ တည်းခိုနေထိုင်ရေးကိစ္စရပ်တွေကို အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း စစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့တွေအပါအဝင် NSPNC နဲ့ ကျင်းပရေးဦးစီးကော်မတီတို့ကြား NCA နှစ်ပတ်လည် အခမ်းအနားနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲအပါအဝင် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းတွေအတွက် အစည်းအဝေး ကျင်းပခဲ့ပါသေးတယ်။

အဲဒီအစည်းအဝေးမှာတော့ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းခဲ့သူတွေ၊ လက်မှတ်ရေးထိုးခဲ့ကြသူတွေ အသိသက်သေတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ပြည်တွင်းပြည်ပက အသိပညာရှင် အတတ်ပညာရှင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ လေ့လာသူတွေကို ဖိတ်ကြားမယ်လို့ အသိပေးထားတာပါ။

ဒါ့အပြင် တက်ရောက်လာကြသူတွေအနေနဲ့ NCA ရဲ့ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အကောင်အထည်ဖော်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေအပေါ် အချင်းချင်းအမြင်သဘောထားတွေ၊ အတွေ့အကြုံတွေ မျှဝေဖလှယ်ပြီး အလွတ်သဘော ဆွေးနွေးနိုင်မယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.