နေပြည်တော် ၊ စက်တင်ဘာ ၂၆

အထွေထွေရွေးကောက်ပွဲကို ပျက်ပြားအောင် ဟောပြော လှုံ့ဆော် နှောင့်ယှက်ဟန့်တားတယ်ဆိုပြီး KNU အပါအဝင် ချင်းပြည်ကောင်စီနဲ့ AA အဖွဲ့ကို ရွေးကောက်ပွဲကာကွယ်‌ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော် လှန်ရေးအင်အားစုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အရင်ကတည်းက ထုတ်ပြောထားကြပါ။

ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ Kayin National Union Facebook စာမျက်နှာမှာ ဟောပြောလှုံ့ဆော်ခဲ့တဲ့ စွပ်စွဲချက်နဲ့ စစ်ကော်မရှင်က ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကို အမှုဖွင့်ခဲ့ပါတယ်။

အလားတူ KNU ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၁၁ ဦးကိုလည်း ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၉ ရက်နေ့တို့မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မရဲစခန်းနဲ့ ပိုင်ကျုံနယ်မြေရဲစခန်းမှာ (ပ) နံပါတ်တွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အခုလို စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ KNU ခေါင်းဆောင်တွေကို အမှုဖွင့်ထားတဲ့အပေါ် သံလွင်တိုင်းမ်အနေနဲ့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့ပေမယ့် အ ကြောင်းပြန်ခြင်း မရှိသေးပါဘူး။

AA အဖွဲ့နဲ့ စိစစ်ဆဲ PDF အဖွဲ့ကိုလည်း လေးမျက်နှာမြို့နယ်က ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းမှာ မဲပေးစက်ဆိုင်ရာ အသိပညာပေးတာနဲ့ လက်တွေ့စမ်းသပ်မဲပေးတာတွေ လုပ်ဆောင်နေချိန်အတွင်း Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်က အမှုဖွင့်စွပ်စွဲထားပါသေးတယ်။

ဒီအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက အဲဒီနေရာမှာ ဗုံးချတိုက်ခိုက်တာ လုံးဝ မရှိသလို AA နဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ တုန့်ပြန်ပါတယ်။

“သူတို့ (စစ်ကော်မရှင်) စကမဘက်က စွပ်စွဲသလို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေကြည်ရွာ ဘုန်းကြီးကျောင်းကို ကျွန်တော်တို့ဘက်က ဗုံးချတိုက်ခိုက်တာ လုံးဝမရှိပါဘူး။ ဒါ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သူတို့ဟာသူတို့ လုပ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံစွပ်စွဲတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီက ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၁၇ ဦးကိုလည်း ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောလှုံ့ဆော်ခဲ့တယ်ဆိုပြီး စက်တင်ဘာ ၄ ရက်နေ့မှာ စစ်ကော် မရှင်က အမှုဖွင့်ထားတာပါ။

ရွေးကောက်ပွဲပျက်ပြားအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ခံထားရသူတွေနဲ့ အဖွဲ့အစည်းကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) နဲ့ အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) အရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံးခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။

တစ်ဘက်မှာခေတ်သစ်သတင်းမီဒီယာနဲ့ Hlaing Infoတို့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ရွေးကောက် ပွဲပျက်ပြားအောင် လှုံ့ဆော်ရေးသားခဲ့တဲ့ တာဝန်ရှိသူအပါအဝင် ရန်ကုန်နဲ့ကျောက်ဖြူက Facebook သုံးစွဲသူ အကောင့်ပိုင်ရှင်နှစ်ဦးကိုလည်း အလားတူ ပုဒ်မနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က အခုလိုမျိုး အရေးယူမှုတွေ လုပ်လာတာဟာ ရွေးကောက်ပွဲကို စိတ်နဲ့တောင် မပြစ်မှားဖို့ ခြိမ်းခြောက်တာလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲကာကွယ်ရေးဥပဒေဟာ နဂိုကတည်းက သူတို့ ရွေးကောက်ပွဲကို စိတ်နဲ့တောင် မပြစ်မှားအောင် သူတို့ခြိမ်းခြောက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက အခုလိုမျိုး တိုင်းရင်းသားခေါင်းဆောင်တွေ PDF တွေ သတင်းမီဒီယာတွေကို အရေးယူမှုက ဒီရွေးကောက်ပွဲရဲ့ တရားမဝင်မှု ရွေးကောက်ပွဲအတုကြီးမှန်း ပိုပြီးတော့ ပေါ် လွင်တယ်။ ရွေးကောက်ပွဲကို ဓါးမိုးလုပ်မယ် သေနတ်ချိန်ပြီး လုပ်မယ်ဆိုတာ ပိုပေါ်ပါတယ်”လို့ ဆိုပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း မဟာအောင်မြင်မြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာရေးသားထားတဲ့ စာရွက်တွေ ဖြန့်ကြဲခဲ့တဲ့ အမျိုးသားလေးဦးနဲ့ စုံစမ်းဆဲ အမျိုး သမီးနှစ်ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ အမှုဖွင့်ထားပါသေးတယ်။

ဒ့ါအပြင် သထုံမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ အပါဝင် လေးဦးကို သံဖြူဇရပ်နဲ့ ရေးမြို့နယ်ကြားမှာ ဖမ်းဆီးသွားခဲ့သူကိုလည်း စိစစ်နေပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (ခ) နဲ့ အမှုဖွင့်ကာ ကျူးလွန်သူတွေ ဖမ်းမိနိုင်ရေး ဆက်လုပ်နေတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) အရ ပြစ်မှုကို လူစုလူဝေးနဲ့ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ပြစ်မှုကျူးလွန်သူတွေကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်ကနေ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ပုဒ်မ ၂၄ (ခ) မှာလည်း အလားတူ ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာပါ။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ဇူလိုင်နှောင်းပိုင်းမှာ ပြဌာန်းခဲ့ပြီးနောက် ပိုင်း ဥပဒေပါ တားမြစ်ချက်တွေကို အကြောင်းပြကာ ဖောက်ဖျက်ကျုးလွန်သူတွေကို စုံစမ်းဖော် ထုတ်ပြီး ဖမ်းဆီးအရေးယူတာတွေ တောက်လျှောက်လုပ်လာနေတာပါ။

ဒါကြောင့် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ပျက်ပြားအောင် ဟောပြောလှုံ့ဆော်တာ ဆန္ဒပြတာ စာရေးသားဖြန့်ချိတာ နှောင့်ယှက်ဟန့်တားတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူခံရသူ လူပုဂ္ဂိုလ် ၅၀ ကျော်အထိရှိလာပြီး အဲဒီထဲက အမျိုးသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.