လေးကေကော်၊ စက်တင်ဘာ ၂၅
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှု အများအပြား ရှိနေပေမယ့် တပ်အင်အားဖြည့်ဆည်းကာ ထပ်မံထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်က မြဝတီမြို့ကနေတစ်ဆင့် လက်နက်ကြီးပစ်ကူအသုံးပြုပြီး မြေပြင်ကနေလည်း တပ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့က ခုခံတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က မြဝတီမြို့ မေတ္တာလင်းမြိုင်ကနေ လေးကေကော်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းတွေနဲ့ KNLA တော်လှန်ရေးအင်အားစုတွေအကြား လေးကေကော်မြို့အနီးက ထီးမယ်ဝါးခီးကျေးရွာမှာ တိုက်ပွဲတစ်နေကုန် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ကူပေးခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး ပြန်လန်ကျသွားခဲ့ကာ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ကူအသုံးပြုပြီး ထပ်မံထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိသွားတဲ့ စစ်ကော်မရှင်တပ်သားတွေထဲမှာ ပြည်သူ့စစ်မှုထမ်းဆင်း တပ်သားသစ်တွေ အများအပြားပါဝင်နေပြီး ပြည်သူ့စစ်မှုထမ်းဆင်း တပ်သားသစ်တွေကို စစ်ကော်မရှင်တပ်က ရှေ့ဆုံးကနေ ဦးစားပေးသွားခိုင်းစေကာ မူးယစ်ဆေးဝါးတွေကိုလည်း အလွန်အကျွံအသုံးပြုပေးထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
လေးကေကော်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာဘက်ကို ကြိုတင်တိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသလို တိုက်ပွဲကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်ဘက်မှာ လုံခြုံရေးတိုးမြှင့်ချထားကာ စောင့် ကြပ်ကြည့်ရှုလျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သင်္ဃန်းညီနောင်ဒေသနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို စက်တင် ဘာ ၆ ရက်နေ့က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ခတ်တောင်နဲ့ လေးကေကော်မြို့သစ်ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ လက်ခတ်တောင်ကိုလည်း စစ်ကော်မရှင်တပ်က ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေးကေကော်မြို့အပြင် တပ်မဟာ ၆ နယ်မြေထဲက ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း၊ ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းနဲ့ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းတို့မှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့အတွက် KNLA တော်လှန်ရေးအင်အားစုတို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media