ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅
ကမ္ဘာ့ လူသားရာဇဝင်မှာ ဖျက်အားအပြင်းဆုံး လက်နက်ယှဉ်ပြိုင်မှု ဖြစ်ပေါ်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ္ဘာ့ခေါင်းဆောင်တွေကို စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ဥရောပမှာ စစ်ပွဲချဲ့ထွင်လိုတဲ့ ဆန္ဒရှိနေတာကြောင့် သူ့ကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးကြဖို့လည်း ဇီလန်စကီးက တိုက်တွန်းပါတယ်။

ဒီကနေ့အချိန် ကမ္ဘာကြီးရဲ့ အခြေအနေကို ကြည့်ရရင် ကုလသမဂ္ဂ အပါအဝင် အားနည်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ယူကရိန်း၊ ဂါဇာ၊ ဆူဒန်နဲ့ တခြားနေရာတွေက စစ်ပွဲတွေကို မတားဆီးနိုင်ဖြစ်နေပြီး နိုင်ငံတွေ ရှင်သန်နိုင်အောင် နိုင်ငံတကာ ဥပဒေတွေက အထောက်အကူမပြုနိုင် ဖြစ်နေတယ်လို့ ဇီလန်စကီးက ဆိုတာပါ။
ဘယ်သူ ရှင်သန်မလဲဆိုတာကို လက်နက်တွေကပဲ အဆုံးအဖြတ် ပေးနေတာပါ။ မိတ်ဆွေတွေနဲ့ လက်နက်တွေကလွဲပြီး ဘာလုံခြုံရေး အာမခံချက်မှ မရှိပါဘူးလို့ ယူကရိန်း သမ္မတက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံပြီး နောက်တစ်ရက် ကုလအထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေးမှာ ဇီလန်စကီးက အခုလိုမျိုး ပြောဆိုခဲ့တာပါ။
သမ္မတ ထရန့်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းအနေနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေ အားလုံးကို ရုရှားဆီက ပြန်ရအောင် လုပ်ဆောင်နိုင်တယ်လို့ ထရန့်က ဇီလန်စကီးကို ပြောဆိုထားတာပါ။
ပူတင်ကို အခုအချိန်မှာ မတားဆီးဘူးဆိုရင် သူ့အနေနဲ့ ယူကရိန်းထက် ကျော်လွန်ပြီးတော့ ရန်စလာနိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ရုရှားက နေတိုး အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ လေပိုင်နက်တွေထဲ ချိုးဖောက်ဝင်ရောက်မှုတွေ ပြုလုပ်နေတာကြောင့် စစ်ပွဲနယ် ပိုကျယ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိအချိန်မှာ အရင်းအမြစ် အကန့်အသတ်နဲ့ပဲ ရှိတဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေကတောင် အန္တရာယ်ရှိတဲ့ လက်နက်တွေ ထုတ်လုပ်နိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ဒီကနေ့ အချိန်မှာ ဉာဏ်ရည်တု AI နည်းပညာလည်း ပါဝင်နေတာကြောင့် ကမ္ဘာကြီးဟာ လူသားတို့ရဲ့ ရာဇဝင်မှာ ဖျက်အားအပြင်းဆုံး လက်နက် ယှဉ်ပြိုင်မှု ဖြစ်ပေါ်နေတယ်လို့ အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။
Ref:AP