မော်လမြိုင် ၊ စက်တင်ဘာ ၂၅
မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီဟာ အာဏာသိမ်းစစ်ကော်မရှင် ကျင်းပမယ့် အထွေ ထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၃၇ နေရာ ဝင်ပြိုင်ဖို့ အမတ်လောင်းစာရင်း တင်သွင်းထားပြီလို့ ပါတီပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပြည်သူ့လွှတ်တော်အတွက် ၆ ဦး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ် စားပြုစနစ် PR အတွက် ၆ ဦးနဲ့ မဲအများဆုံးရသူအနိုင်ယူစနစ် FPTP အတွက် ၆ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။
ဒါ့အပြင် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် PR အတွက် ၁၀ ဦး၊ မဲအများဆုံးရသူအနိုင်ယူစနစ် FPTP အတွက် ၉ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၃၇ ဦး အမည်စာရင်း တင်သွင်းထားတာပါ။
ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ဖူးတဲ့သူတွေ၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ပါတီဗဟိုကော်မတီဝင်တွေကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ နိုင်သန်းရွှေက ပြောပါတယ်။
“အဓိက ရွေးချယ်တာက ၂၀၂၀ မှာ ဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အဓိကဦးစားပေးပေါ့လေ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ CEC ဗဟို အလုပ်အမှုဆောင်တွေကို ဦးစားပေးတယ်။ နောက်ပြီးတော့ ဗဟိုကော်မတီ အဆင့်ဆင့်ပေါ့နော်။ အဲဒီလို ဦးစားပေးစနစ် လုပ်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားတဲ့သူတွေဟာ ပါတီမူဝါဒအပြင် စစ်ကော်မရှင် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီသူတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၂၀ နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်မြေ ၃ နေရာ၊ စုစု ပေါင်း မဲဆန္ဒနယ်မြေ ၄၅ နေရာ သတ်မှတ်ထားပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ်မြေပေါင်း ၄၅ နေရာအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီထဲမှာ မဲဆန္ဒနယ်မြေ ၁၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MUP