ပေါင်၊ စက်တင်ဘာ ၂၆
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ရာဂါဆာမုန်တိုင်းကြောင့် ဖောင်ပြတ်ပြီး မျောလာတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးကို ကူညီကယ်ဆယ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်က ပင်လယ်ပြင်မှာ ဖောင်ပြတ်ပြီး မျောပါလာတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးကို အလှပ်ကမ်းခြေမှာ ဒေသခံတွေက ကူညီကယ်ဆယ်ခဲ့ပါတယ်။
ကျားဖောင်လုပ်သားတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာကျေးရွာ ပင်လယ်ပြင်မှာ ငါးဖမ်းနေကြချိန် မုန်တိုင်းမိပြီးနောက် ရှစ်ရက်အကြာ ပင် လယ်ထဲ မျောပါခဲ့တာပါ။
မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ကျားဖောင်အစီးရေ ၂၀၀ ကျော် ရှိနေပြီး အဲဒီထဲက ကျားဖောင်လုပ်သားအများစု ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကူညီကယ်ဆယ်ထားတဲ့ ကျားဖောင်လုပ်သားတွေကို ဒေသခံတွေက နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး နေရပ်ပြန်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ထားတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးဟာ ဧရာဝတီတိုင်း ရေကြည်၊ ဖျာပုံနဲ့အိမ်မဲမြို့နယ်တို့က ရေလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media