နယူးယောက်၊ စက်တင်ဘာ ၂၅
အီရန် နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ပြန်လည် ပြဌာန်းလာနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားရေး သံတမန်ရေးအရ ကြိုးပမ်းမှုအနေနဲ့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က မိမိတို့အနေနဲ့ နျူကလီးယားဗုံး လုံးဝ တီထွင် ထုတ်လုပ်သွားမှာ မဟုတ်ဘူးလို့ ကုလ အထွေထွေ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
အီရန်အပေါ် ကုလရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ပြဌာန်းဖို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ ရက်ပေါင်း ၃၀ ကြာ စီစဉ်နေမှု နောက်ဆုံး သတ်မှတ်ထားတဲ့ စက်တင်ဘာ ၂၇ ရက်နဲ့ နီးကပ်လာနေချိန် အီရန်သမ္မတရဲ့ အခုလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

E3 လို့ လူသိများတဲ့ ဥရောပ အင်အားကြီး သုံးနိုင်ငံက တီဟီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီ သဘောတူညီချက်က တီဟီရန်အနေနဲ့ နျူကလီးယား လက်နက် မထုတ်လုပ်ရဘူးလို့ တားမြစ်ထားပါတယ်။
အီရန်အနေနဲ့ ကုလသမဂ္ဂ နျူကလီးယား စုံစမ်းစစ်ဆေးရေးမှူးတွေကို ဝင်ရောက်ခွင့် ပြုမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မယ့် အစီအစဉ်ကို ၆ လ နောက်ဆုတ်ထားမယ်လို့ ဥရောပ အင်အားကြီး သုံးနိုင်ငံက ပြောထားပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးမှု၊ အီရန်ရဲ့သန့်စက်ပြီးသား ယူရေနီယံပမာဏနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် အီရန်ကို စုံစမ်းစစ်ဆေးဖို့ E3 နိုင်ငံတွေက အလိုရှိနေကြတာ ဖြစ်ပါတယ်။
သဘောတူညီမှု တစ်ရပ် ရရှိနိုင်ခြေ ရှိနေဆဲ ဖြစ်ပြီး အချိန်နည်းနည်းပဲ ကျန်တော့တာကြောင့် မိမိတို့ တင်ပြထားတဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေကို တုံ့ပြန်ဖို့က အီရန်အပေါ်မှာပဲ မူတည်နေတယ်လို့ ပြင်သစ်သမ္မတ မက်ကရွန်က ပြောထားပါတယ်။
အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင် ရပ်ဆိုင်းရမယ်လို့ အမေရိကန်က ပြောထားပေမယ့် ယူရေနီယံ သန့်စင်မှုဟာ မိမိတို့ရဲ့ အခွင့်အရေး ဖြစ်ပြီး လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ တီဟီရန်က တုံ့ပြန်ထားပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကတော့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကနေ မိမိတို့ အကျိုးရရှိမှာ မဟုတ်တဲ့အတွက် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီအတောအတွင်း ဥရောပ အင်အားကြီး သုံးနိုင်ငံဦးဆောင်ပြီး မိမိတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့မယ်ဆိုရင်လည်း တရုတ်သို့ ရေနံရောင်းချမှုကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အီရန် ရေနံဝန်ကြီးက ပြောကြားထားပါတယ်။
Ref:Reuters