တနင်္သာရီ၊ စက်တင်ဘာ ၂၅
စစ်ရေးတင်းမာနေတဲ့ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး ညဘက်အသုံးမပြုကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်တပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့ရာ လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေတာပါ။
လက်ရှိ တနင်္သာရီမြို့နယ်အတွင်းရှိ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မိုင်းဆွဲတိုက်ခိုက်တာနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသလို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ခရီးသွားမိဘပြည်သူတွေအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအား ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ သတိပေးထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကလည်း သိန်းခွန်းဘက်က ဆင်းလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ လူ နာတင်ကားကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ဘန်းလမွတ်ကျေးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာလည်း တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်၊ မော်တုန်း၊ သိန်းခွန်းနဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF