ကျောက်မဲ၊ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါမြို့တို့မှာ စစ်ကော်မရှင်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေးဒလန် ၁၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
အဲဒီထောက်လှမ်းရေးအဖွဲ့ဝင်တွေကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့က ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေဟာ TNLA ရဲ့ ဂိတ်နေရာတွေ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အား၊ တပ်စခန်းနေရာတွေနဲ့ လူစုလူဝေးများတဲ့ နေရာတွေမှာ သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက်မှာ ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ ဆိုပါတယ်။
ထောက်လှမ်းရေးအဖွဲ့ဝင်တွေဟာ မြို့အတွင်း လမ်းလျှောက်၊ဆိုင်ကယ်၊လိုင်းကား၊အိမ်စီးကား၊ သူဌေးယောင်ဆောင်တာ၊ သူတောင်းစားယောင်ဆောင်တာ၊ ခရီသွားယောင်ဆောင်တာအပြင် ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီး သတင်းတွေ ထောက်လှမ်းယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ရရှိလာတဲ့ အချက်အလက်တွေဟာ သူတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာမှာ လက်ဟန်အမူ အရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့ နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ဦးနဲ့တစ်ဦးသတင်းပေးပြီး စစ်ကော်မရှင်တပ်ထံ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ Viber/ Facebook Wechat/ Telegram တွေနဲ့ သတင်းပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တအာင်းပြည်အတွင်းရှိ မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံရေးများစွာ စေလွှတ်ထားပြီး ဖမ်းဆီးရမိသူတွေကိုလည်း လုံခြုံစိတ်ချတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည်ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA