ကျုံဒိုး၊ စက်တင်ဘာ ၂၆
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီး ကျုံဘိုင်းတောင် ဗျက္ခသီဟစေတီကုန်းကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၂၃ ရက်နေ့က သိမ်းပိုက်လိုက်ပြီး ကျုံဒိုး-မြပတိုင်-နဘူးလမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းမကြီးကို ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းက ပြန်လည်ထိန်း ချုပ် သိမ်းပိုက်လိုက်နိုင်ပြီးတဲ့နောက် ကျုံဒိုး-နဘူးလမ်း၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းတွေနဲ့ ကျုံဒိုးမြို့အနီးဝန်းကျင်က ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကျုံဒိုး-မြပတိုင်-နဘူးလမ်းပိုင်းမှာရှိတဲ့ ကျုံဘိုင်းတောင်ပေါ်က ဗျက္ခသီဟစေတီကုန်းကို သိမ်းပိုက်ရရှိရေးအတွက် စစ်ကော်မရှင်တပ်ဟာ တစ်လကျော်ကြာ ထိုးစစ်ဆင်နေခဲ့ရာ KNLA တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့နေတာဖြစ်ပြီး စစ်ကော်မရှင်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကျုံဘိုင်းတောင်ပေါ်က ဗျက္ခသီဟစေတီကုန်းကို စစ်ကော်မရှင်တပ်က သိမ်းပိုက်နိုင်ရေးအတွက် အင်အားရာချီ အသုံးပြုပြီး အဆက်မပြတ်ထိုးစစ်ဆင်လာနေတဲ့အတွက် စက်တင်ဘာ ၂၃ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဗျက္ခသီဟစေတီကုန်းကို စစ်ကော်မရှင်တပ်က သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကျုံဒိုး-မြပတိုင်-နဘူးလမ်းပိုင်းနဲ့ ရင်ကွဲတောင်စခန်းကိုတော့ ပြန်လည်မသိမ်းပိုက်နိုင်သေးဘဲ စစ်ကော်မရှင်တပ်ကတော့ ရင်ကွဲတောင်ကို ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ကျုံဒိုး-မြပတိုင်-နဘူးလမ်းပိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ဒရုန်း လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် သာသနိကအဆောက်အဦးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးသွားခဲ့ပြီး ကျုံဘိုင်း ချောင်းဖျား ကော့ဒေးဆိုင် ကြာအင်းစု စတဲ့ အနီးတဝိုက်ကျေး ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျုံဒိုးမြို့ အနီးပတ်ဝန်းကျင်တဝိုက်က ကျေးရွာတွေကို မထိန်းချုပ်နိုင်သေးဘဲ ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက်နေခဲ့ရာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC