မော်လမြိုင် ၊ စက်တင်ဘာ ၂၄
မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တပ်တွင်းမှာ နှစ်ဘက်အသွင်ဖြစ်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးရဲ့ ပြဿနာတွေကို သုံးလအတွင်း တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းစွာ ပြန်လည်ညှိနှိုင်းအဖြေရှာဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဆုံးဖြတ်တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ဒုတိယပတ်မှာဖြစ်ပွားခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ပဋိပက္ခမှာ အမှုမှန်ပေါ် ပေါက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး စုံစမ်းညှိနှိုင်းရေးကော်မတီတစ်ရပ်ကို MSFC က ဇူလိုင် ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
စုံစမ်းညှိနှိုင်းရေးကော်မတီအနေနဲ့ MSDF အတွင်းမှာ ပြန်လည်သင့်မြတ်စေရေးအတွက် လုပ် ဆောင်နေတဲ့ ကာလအတွင်း နှစ်ဘက်အသွင်ဖြစ်လာပြီး ကိုယ်စားပြုမှု မသဲကွဲတဲ့ အခြေအနေဖြစ်လာတယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါက်တာသီရိမွန်ချမ်းဘက်က MSDF Central အမည်နဲ့ နိုင်ငံရေးစစ်ရေးဦဆောင်ကော်မတီသစ်တစ်ခု ထပ်မံဖွဲ့စည်းလိုက်တာကြောင့် MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဟာ မူလ ဖွဲ့စည်းမှုအတိုင်း မဟုတ်တော့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် MSFC စုံစမ်းညှိနှိုင်းရေးကော်မတီအနေနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေအားလုံးနဲ့ တွေ့ဆုံခဲ့ကာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း မေးမြန်းတွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြချက်တွေအပေါ် ဆုံးဖြတ်ချက်နှစ်ခု ချမှတ်လာတာပါ။
လက်ရှိ ပြဿနာမှာ ပါဝင်နေတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းပြီး ပေးအပ်ထားတဲ့ တာဝန်တွေအားလုံးကိုလည်း အလားတူ ရပ်ဆိုင်းထားမယ်လို့ အသိပေးတာပါ။ဒါပေမယ့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းအနေနဲ့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် MSDF အနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ မွန်ပြည်လွတ်မြောက်ရေးအတွက် ရှေးရှုကာ ထိပ်တိုက်ပဋိပက္ခတွေ မဖြစ်ပွားစေဘဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ရိုးသားစွာ ပြန်လည်အသိအမှတ်ပြုဖို့ပါ။ အပြန်အလှန် လေးစားယုံကြည်မှုနဲ့ သင်ခန်းစာယူပြီး သုံးလအတွင်း ပြန်လည်ညှိနှိုင်းအဖြေရှာသွားကြဖို့ MSFC က တိုက်တွန်းထားတာ ဖြစ်ပါတယ်။
စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဘုန်းမြတ်က MSDF အမှုကို စစ်ဆေးနေတဲ့ကာလမှာ နောက်ထပ် MSDF Central အမည်နဲ့ နှစ်ခြမ်းကွဲသွားတဲ့အပေါ် အချင်းချင်း ပြန်လည်ညှိနှိုင်းဖို့ အချိန်ပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ အမှုစစ်ဆေးနေတဲ့ ကာလမှာပဲပေါ့။ MSDF က နှစ်ဖွဲ့ဖြစ်သွားတဲ့ အခြေအနေရှိပါတယ်။ တစ်ခုကတော့ မူရင်းရှိနေတဲ့ MSDF ဖြစ်ပြီး နောက်တစ်ခုကျတော့ MSDF Central ဆိုပြီးတော့ နောက်တစ်ဖွဲ့ထပ်ဖြစ်လာတဲ့ အနေအထားရှိပါတယ်။ ဒီလိုအခြေအနေမှာတော့ MSDF Central က ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူးပေါ့။ တစ်ချိန်တည်းမှာပဲ MSDF နှစ်ခြမ်းကွဲသွားတဲ့အပေါ်မှာ အချင်းချင်း အချိန် သုံးလယူပြီး ပြန်လည်ညှိနှိုင်းပြီးရင် ကျွန်တော်တို့ဆီကို ကောင်စီဝင် ဆက်လက်ပေးပို့လို့ရတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဖွဲ့စည်းခဲ့ချိန်မှာ မဟာမိတ်အဖွဲ့အစည်းအဖြစ် ရပ်တည်တဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ဟာ ကောင်စီဝင်တွေအဖြစ် ပါဝင်ခဲ့ကြတာပါ။
ဒေါက်တာ သီရိမွန်ချမ်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီမှာတော့ လောဆယ်မှာ ဒုဥက္ကဌက ဆက်လက်ဦးဆောင်နေတယ်လို့ နိုင်ဘုန်းမြတ်က ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ ဒေါက်တာသီရိမွန်ချမ်းကို MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ်ကနေ ပေးအပ်ထားတဲ့ တာဝန်တွေအားလုံးကို ရုပ်သိမ်းထုတ်ပယ်ကြောင်းနဲ့ နိုင်ကိုသူကို ဖမ်းဆီးဖို့ လက်မခံရင် ပစ်မိန့်ပေးခဲ့တဲ့အပေါ် အရေးယူပေးဖို့ MSFC က တိုင်ကြားစာ လက်ခံရရှိခဲ့တာပါ။
MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ တာဝန်နဲ့ တပ်ကနေ ဥက္ကဋ္ဌကို ညှိနှိုင်းမှုတစ်စုံ တစ်ရာ စောင့်ဆိုင်းခြင်းမရှိဘဲ ကြေညာချက်ထုတ်ခဲ့တာဟာ မိမိ မပါဝင်ဘဲ ကော်မတီဝင်တွေသာ ဆုံးဖြတ်ထားကြောင်း ဒေါက်တာသီရိမွန်ချမ်းက ပြန်လည် ချေပခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါက်တာသီရိမွန်ချမ်းက MSDF အတွင်းရေးမှူး နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို ပြန်လည်သိမ်းယူဖို့အပါအဝင် လက်နက်နဲ့ပြန်လည် ခုခံရင် ပစ်မိန့်ပေးဖို့ ညွှန်ကြားရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီရဲ့ အခြေခံမူဝါဒ အပိုဒ် (၄) မှာ အစည်းအဝေးကျင်းပတာနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ မတက်ရောက်နိုင်ရင် ကော်မတီဝင်တစ်ဦးက ဦးဆောင်ဖို့ ရွေး ချယ်နိုင်သလို ကော်မတီဝင် တဝက်ကျော် တက်ရောက်ရင် အစည်းအဝေးပြုလုပ်လို့ ရကြောင်း ပါရှိပါတယ်။
ဒေါက်တာသီရိမွန်ချမ်းက လွဲမှားစွာ ပစ်သတ်မိန့်ပေးတဲ့အပေါ် နိုင်ကိုသူရဲ့ တိုင်ကြားခြင်းကို စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ စုံစမ်းမေးမြန်းချက်အရ ပစ်မိန့်ပေးခဲ့ပေမယ့် ပစ်သတ်မှု မဖြစ်ပွားခဲ့ဘူးလို့ ဆိုပါတယ်။
တစ်ဘက်မှာ ဒေါက်တာသီရီမွန်ချမ်းက နိုင်ကိုသူကို လက်နက်တွေ သိမ်းဆည်းပြီး တပ်ကိုခွဲထွက်တယ်လို့ တုံ့ပြန်ပြောဆိုမှုကလည်း စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ စုံစမ်းမေးမြန်းချက်အရ တပ်ကို ခွဲထွက်ခဲ့ကြောင်း မတွေ့ရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြန်လည်ပေါင်းစည်းရေးဟာ တပ်တွင်းကိစ္စတွေဖြစ်တာကြောင့် MSDF နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီနဲ့သာ သက်ဆိုင်တယ်လို့ MSFC စုံစမ်းညှိနှိုင်းရေးကော်မတီက ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSFC