ရေး၊ စက်တင်ဘာ ၂၄
မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ဖောက်ထွင်းခံရတာ ကြောင့် ရွှေနဲ့ငွေ ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ မိုးသည်းထန်စွာ ရွာနေချိန် ဖောက်ထွင်းသ မားတွေက နေအိမ်ရဲ့ခေါင်းမိုးကနေ ဖောက်ဝင်ပြီး အိပ်ခန်းအတွင်းရှိ ရွှေ ၅၀ ကျပ်သား ဝန်းကျင်နဲ့ ငွေသားတချို့ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဖောက်ထွင်းခံရတဲ့ နေအိမ်ဟာ နှစ်ထပ်တိုက်ဖြစ်ပြီး ခြံစည်းရိုး အခိုင်အမာ တည်ဆောက်ထားတဲ့ကြားကနေ ဖောက်ထွင်းခံလိုက်ရတာ ဖြစ်ပါတယ်။
နေအိမ် ဖောက်ထွင်းခံရတာကြောင့် အိမ်ရှင်က ရဲစခန်းထံ အမှုဖွင့်တိုင်ကြားထားပေမယ့် တရားခံကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့က ကုန်စုံဆိုင် တစ်ခုက ဖောက်ထွင်းခံရတာကြောင့် တန်ဖိုးရှိ ပစ္စည်းအများအပြား ပါရှိသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ ရေးမြို့မှာ အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် ရဲတပ်ဖွဲ့ဘက်က ဖော်ထုတ်ဖမ်းဆီးရမိမှု မရှိသလောက် နည်းပါးနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media