ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နဲ့အတူ မြောက်ကိုရီးယားနဲ့ မလိုလားအပ်တဲ့ စစ်ရေး တင်းမာမှု အဆိုးသံသရာ အဆုံးသတ်ရေး လုပ်ဆောင်သွားမယ်လို့ တောင်းကိုရီးယားသမ္မတ လီဂျေးမြောင်က စက်တင်ဘာ ၂၃ ရက်မှာ ကတိပြုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ လီက နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဟာ ရေတိုမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခေါင်းအေးအေးထား ယူဆချက်အပေါ် အခြေခံပြီး မြောက်ကိုရီးယား နျူကလီးယား ပြဿနာကို အဆင့်လိုက် ဖြေရှင်းမယ့် သူ့ရဲ့အမြင်ကို အလေးထား ပြောဆိုသွားပါတယ်။

ပြုံးယမ်းကို အားနည်းအောင် လုပ်ဆောင်ဖို့ ဝါရှင်တန်နဲ့ ဆိုးလ်တို့ရဲ့ အခြေခံ ရည်ရွယ်ချက်ဟာ မပြောင်းလဲဘဲ ရှိနေတာကြောင့် သူတို့ရဲ့ မကြာသေးခင်က ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေဟာ အစစ်အမှန် မဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စက်တင်ဘာ ၂၁ ရက်မှာ ပြောထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူလက်နက် ဖြုတ်သိမ်းရေး အမေရိကန်က တောင်းဆိုနေတာတွေ ရပ်တန့်လိုက်မယ်ဆိုရင် မိမိတို့အနေနဲ့ ဝါရှင်တန်နဲ့ ဆွေးနွေးမယ့် အစီအစဉ်တွေကို ရှောင်ရှားနေစရာ အကြောင်းမရှိဘူးလို့ ကင်ဂျုံအန်က ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန် ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေး အတွက် မိမိတို့ရဲ့ နျူကလီးယား လက်နက်တိုက်နဲ့ လုံးဝ အလဲအလှယ် လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ကင်က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ စစ်ရေး တင်းမာမှုတွေ လျှော့ချရေး တောင်ကိုရီးယားက အမြဲကြိုးပမ်းနေတယ်လို့ သမ္မတ လီက ပြောကြားပြီး မြောက်ကိုရီးယားသို့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ပို့ဆောင်မှု၊ နယ်စပ်ရှိ ဝါဒဖြန့် အသံချဲ့စက်တွေ ပြန်ဖြုတ်ထားမှုတွေကို သူက ထောက်ပြထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်က ဆိုးလ်နဲ့ လုံးဝ ဆွေးနွေးမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၂၁ ရက်မှာ ပြောထားပါတယ်။

ကင်ဂျုံအန်နဲ့ အခုနှစ်အတွင်း တွေ့ဆုံလိုတယ်လို့ ထရန့်က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပေမယ့် စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားခဲ့တဲ့ ၅၅ မိနစ်ကြာ မိန့်ခွန်းမှာ မြောက်ကိုရီးယား အကြောင်း ထည့်သွင်း ပြောဆိုသွားတာ မရှိပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.