မော်လမြိုင် ၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လှိုင်ရတနာမြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်းကနေ ဈေးပေါပေါနဲ့ရတဲ့ မြေကွက်တွေကို စစ်တပ်အရာရှိတွေက ဈေးတင်ပြီး လက်လွှဲရောင်းချနေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က ကျူးကျော်မြေ အကြောင်းပြချက်နဲ့ သိမ်းဆည်းထားတဲ့ မြေကွက်တွေကို လှိုင်ရတနာ မြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်း လုပ်ဆောင်ပြီးနောက် အဲဒီထဲက မြေကွက်တွေကို တပ်အရာရှိနဲ့ ဌာနဆိုင်ရာ အရာရှိတွေကို ဈေးပေါပေါနဲ့ ချပေးနေတာပါ။

လှိုင်ရတနာ မြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်းက မြေကွက်တွေကို တပ်အရာရှိတွေက ပေ ၄၀/၆၀ တစ်ကွက်ကို ကျပ်သိန်း ၃၀၀ ပေးသွင်းရပြီး အဲဒီမြေကွက်တွေကိုတော့ ကျပ်သိန်း ၁၃၀၀ ကနေ ၁၅၀၀ အထိ ဈေးတင်ပြီး ပြန်ရောင်းနေပါတယ်။

အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးကတော့ လှိုင်ရတနာမြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်းက မြေ ကွက်တွေကို တပ်အရာရှိတွေ လက်လွှဲရောင်းချနေတာကြောင့် အရောင်းအဝယ်အများဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။

“အရောင်းအဝယ် အဖြစ်ဆုံးကတော့ လောလောဆယ် လှိုင်ဘက်မှာတော့ အရောင်းအဝယ် ဖြစ်နေတာပေါ့နော်။ မြေပေးမိန့်ကနေတဆင့် ဂရံမြေရမယ်ဆိုပြီး အဲလိုပဲဆွယ်ပြီး ရောင်းချနေကြတာ။ ပေ ၄၀/၆၀ ကို သိန်း ၁၅၀၀ လောက် ခေါ်တယ်။ ပေ ၂၀ / ၆၀ က သိန်း ၇၀၀ လောက် ခေါ်ကြတယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က အဲဒီစီမံကိန်း မြေကွက်တွေကိုတော့ အရင်က ကျဆုံး စစ်သည်တွေအတွက် ရည်ရွယ်တယ်လို့ ဆိုပေမယ့် လက်ရှိမှာ တပ်အရာရှိတွေနဲ့ ဌာနဆိုင်ရာ အရာရှိတွေကိုသာ မြေကွက်အများဆုံး ချပေးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင် မွန်ပြည်နယ် အစိုးရအဖွဲ့က အရာရှိတွေကို ပေးနေတဲ့ မြေကွက်တွေဟာ အဲဒီမှာနေ ထိုင်တဲ့ ဒေသခံတွေကို ကျူးကျော်ဆိုပြီး အိမ်ခြေ ၅၀၀ ထက်မနည်းကို အတင်းအဓမ္မ ဖျက်သိမ်းကာ အကွက်ရိုက်ပြီး ပေးထားတဲ့ မြေတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီမြေတွေကို ကျူးကျော်မြေဆိုပြီး သိမ်းဆည်စဉ်က မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အုပ်ချုပ်ရေးမှူး အမည်နဲ့ လ/န (၃၉) ခွင့်ပြုမိန့် ရရှိထားတဲ့ မြေဧရိယာ ၁၁ ဒသမ ၂၃၉ ဧက အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးတွေကို ကျူးကျော် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ သိမ်းဆည်းခဲ့တာပါ။

ကျူးကျော်အကြောင်းပြချက်နဲ့ သိမ်းဆည်းဖော်ထုတ်ခဲ့တဲ့ လှိုင်ရတနာ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းကိုတော့ စစ်ကော်မရှင် မွန်ပြည်နယ်အစိုးရအဖွဲ့က ၆၀ ရာခိုင်နှုန်း၊ မော်လမြိုင် စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဦးမိုးကျော်တို့က ၄၀ ရာခိုင်နှုန်း ရယူထားတယ်လို့ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.