နယူးယောက်၊ စက်တင်ဘာ ၂၂
ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း ဗြိတိန်၊ သြစတြေးလျ။ ကနေဒါနဲ့ ပေါ်တူဂီတို့က ကြေညာလိုက်ပြီး ပြင်သစ်ကလည်း မကြာခင် အလားတူ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
ဗြိတိန်အစိုးရရဲ့ မူဝါဒ သိသိသာသာ ပြောင်းလဲမှုအဖြစ် ပါလက်စတိုင်းကိုနိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ပိုဆိုးလာနေတဲ့ ကြောက်စရာ အခြေအနေတွေနဲ့ရင်ဆိုင်နေရချိန် ငြိမ်းချမ်းရေးနဲ့ နှစ်ပြည်ထောင် ဖြေရှင်းနိုင်ခြေ ဆက်လက် ရှင်သန်စေရေး မိမိတို့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို အစ္စရေး အစိုးရ၊ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေနဲ့ ကွန်ဆာဗေးတစ် တချို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
အခုလို ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၂၁ ရက်က တုံ့ပြန်ရာမှာ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ပါလက်စတိုင်းနိုင်ငံဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာတာဟာ အကြမ်းဖက် ဟားမာ့စ်အဖွဲ့ကို ကြီးကြီးမားမား ဆုချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ကမ္ဘာ့ခေါင်းဆောင်များကို ပြောထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းသို့ ဟားမာ့စ် အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၅၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီးနောက် ပါလက်စတိုင်းကို အခုလို နိုင်ငံ အဖြစ် အသိအမှတ်ပြုတာဟာ ဟားမာ့စ်အဖွဲ့ကို သံတမန်ရေးအရ လက်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့ အစ္စရေးနဲ့ အမေရိကန်အစိုးရ နှစ်ရပ်စလုံးက ပြောထားပါတယ်။
ဟားမာ့စ်အနေနဲ့ အစိုးရအဖွဲ့သစ်မှာ အနာဂတ် မရှိသလို ပါဝင်ခွင့်လည်း မရှိ၊ လုံခြုံရေးမှာလည်း ပါဝင်ခွင့် မရှိတာကြောင့် အခုလို အသိအမှတ်ပြုတာဟာ ဟားမာ့စ်အဖွဲ့ကို ဆုချီးမြှင့်ရာ မရောက်ဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် စတာမာက ပြောတာပါ။
နှစ်ပြည်ထောင် ဖြေရှင်းမှုဆိုတာက ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲ မတိုင်ခင် ရှိခဲ့တဲ့ နယ်စည်းများအတိုင်း အနောက်ဖက်ကမ်းခြေဒေသနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း နိုင်ငံတည်ပြီး အရှေ့ဂျေရုစလင်ကို မြို့တော် အဖြစ် သတ်မှတ်ရေး ရည်ညွှန်းတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲမှာ ၇၅ ရာခိုင်နှုန်းလောက်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုထားပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ အတိုင်းအတာအရ ပါလက်စတိုင်းရဲ့ နယ်စပ်စည်းတွေ၊ မြို့တော်၊ စစ်တပ်နဲ့ ပတ်သက်လို့ သဘောတူထားတာ မရှိသေးတာကြောင့် နိုင်ငံအဖြစ် အသိအမှတ်ပြုတာဟာ သရုပ်ဖော်ပြမှု တစ်ခုလိုပဲ ဖြစ်နေပါသေးတယ်။
Ref:BBC