ဆိုးလ်၊ စက်တင်ဘာ ၂၂
ပြုံးယမ်းအစိုးရအနေနဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ ဝါရှင်တန်ဘက်က တောင်းဆိုနေမှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် မိမိတို့အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ရှောင်ရှားနေစရာအကြောင်း မရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၂၂ ရက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး မိမိတို့ရဲ့ နျူကလီးယား လက်နက်တိုက်နဲ့ ဘယ်တော့မှ အလဲအလှယ် လုပ်သွားမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က ထိပ်တန်းပြည်သူ့ညီလာခံသို့ ပြောကြားရာမှာ ကင်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမှတ်တရ ဖြစ်ရပ်တွေကို သဘောကျနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
ထရန့်ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း အဲဒီ ခေါင်းဆောင်နှစ်ဦး သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြပါတယ်။

နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့် ပြုံးယမ်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအားလုံး ပျက်ပြယ်ခဲ့ပြီးနောက် ၆ နှစ်အကြာမှာ ကင်ဂျုံအန်နဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ရေး ထရန့် ဦးဆောင်ကြိုးပမ်းဖို့ ဆိုးလ်ရှိ သဘောထားအလယ်အလတ်ရှိ အစိုးရ အသစ်က တိုက်တွန်းနေချိန် မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အခုလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး မဖွယ်မရာ စွဲလမ်းနေမှုကို ရုတ်သိမ်းပြီး လက်တွေ့အခြေအနေကို လက်ခံရင် စစ်မှန်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆန္ဒရှိမယ်ဆိုရင် အမေရိကန်နဲ့ မိမိတို့ မဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။
ဒီအတောအတွင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယား နျူကလီးယားစီမံကိန်း ရပ်တန့်ရေး ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ သဘောတူညီမှုကို လက်ခံမယ်လို့ ပြောထားပါတယ်။
တောင်ကိုရီးယားအစိုးရသစ်က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် အဆင်ပြေစေဖို့ ကြိုးပမ်းနေပြီး နှစ်နိုင်ငံနယ်စပ်ရှိ ဝါဒဖြန့် အသံချဲ့စက်တွေကို ဖြုတ်သိမ်းထားပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို အားနည်းသွားအောင် လုပ်ဖို့၊ အစိုးရကို ဖြုတ်ချဖို့ အဓိက ရည်ရွယ်ပြီး ဆက်လက် ကြိုးပမ်းနေတာကြောင့် မိမိတို့နဲ့ ဆွေးနွေးရေး မကြာသေးခင်က အဆိုပြုမှုဟာ အစစ်အမှန်မဟုတ်ဘူးလို့ ကင်ဂျုံအန်က ပြောထားပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေကို လုံးဝ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က တုံ့ပြန်ထားပါတယ်။
Ref:BBC