သရက်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း သရက်အကျဉ်းထောင်မှာ ညွှန်မှူးလမ်းကြောင်းရှိနေတာကြောင့် ကျန်းမားရေး အခြေအ နေ အရေးပေါ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး အချိန်မီဆေးဝါးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သရက်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်ဟာ အသက်ရှုကြပ်တဲ့ ဝေဒနာကို ခံစားနေရတာကြောင့် ထောင်ဆေးရုံအတွင်း လိုအပ်တဲ့ အောင်ဆီဂျင်အပါအဝင် အခြားပစ္စည်းတွေ လုံလုံလောက်လောက် မရှိတာကြောင့် ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ညွှန်ကြားခဲ့တာပါ။

ဒါကြောင့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ကိုကျော်လင်းအောင်အား ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ထောင်ပိုင်း စိုးနောက်ကို တင်ပြခဲ့ပေမယ့် ညွှန်မှူးလမ်းကြောင်းရှိနေတယ်လို့ဆိုကာ ပြောင်းရွှေ့ကုသခွင့် မပေးခဲ့ဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ကိုကျော်လင်းအောင်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွာလာတာကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောင်းရွှေကုသခွင့် ပေးခဲ့ပေမယ့် အချိန်မီဆေးကုသခွင့် မရရှိတာကြောင့် စက်တင်ဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ PPNM က ဆိုပါတယ်။

သရက်အကျဉ်းထောင်ရှိ ထောင်ပိုင်စိုးနောင်ဟာ နိုင်ငံရေးအကျဉ်းသားများအပေါ် အကျဉ်းထောင်ဥပဒေကို လက်တလုံးခြားလုပ်ကာ စည်းကမ်းတကျရှိစွာနဲ့ ဖိနှိပ်မှုတွေကို စနစ်တကျ ကျူးလွန်နေတာဖြစ်ပါတယ်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ဆေးဝါးကုသခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့တယ်လို့ PPNM ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.