မော်လမြိုင် ၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်မှာ စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေအပြင် တစ်ပိုင်တစ်နိုင် သယ်ဆောင်တဲ့ ကားလေးတွေကအစ ဖမ်းဆီးပြီး ကုန်ပစ္စည်းတွေ သိမ်းယူတာတွေ လုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ထိုင်းကုန်ပစ္စည်းတွေကို မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွေအပြင် လမ်းသွားလမ်းလာမှာ တွေ့ရှိပါက တရားမဝင် သယ်ဆောင်လာတာရော တရားဝင် သယ်ဆောင်တာတွေကအစ တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုတွေ ပြုလုပ် နေတာပါ။
အဲဒီလို ဖမ်းဆီးတဲ့နေရာမှာတော့ တရားမဝင် သယ်ဆောင်လာပါက ထိုင်းကုန်ပစ္စည်းတွေအပြင် တင်ဆောင်လာတဲ့ ကားတွေကိုပါ သိမ်းဆည်းသလို တရားဝင် အထောက်အထားနဲ့ သယ်ဆောင်လာသူတွေကိုတော့ ဖမ်းဆီးပြီးနောက် ငွေကြေးအဆမတန်တောင်းပြီး ပြန်လွှတ်ပေးတာတွေ ရှိနေပါတယ်။
ကုန်သည် တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေကို ဘယ်နေရာမှ မပေးဖြတ်ဘဲ ဖမ်းဆီးနေတာကြောင့် ဈေးကွက်ထဲမှာ ထိုင်းကုန်ပစ္စည်းတွေ ပိုမိုပြတ်လပ်လာတယ်လို့ ပြောပါတယ်။
“အခုလောလောဆယ်တော့ စစ်တောင်းတံတားကနေပြီးတော့ ဘာမှကို ပေးမဖြတ်တာ ဘယ်နေရာမှ ပေးမဖြတ်ဘူး ဖြစ်နေတယ်။ ဒေသအတွက်ကို နည်းနည်းပါးပါးပဲ ဝင်တော့တယ်။ ဒေသအတွက်ပေါ့။ မော်လမြိုင် စားဖို့ လောက်ပဲ ရှိတယ်။ ကျန်တာ ဘာမှ မရဘူး။ အဲဒီအခါကျတော့ ဈေးကွက်ထဲမှာလည်း ဘာမှ မရှိတော့ဘူးလေ။ ပစ္စည်းတောင် ရှာမရပါဘူး”လို့ ဆိုပါတယ်။
စစ်ကော်မရှင် ဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်းမှာတော့ ထိုင်းကုန်ပစ္စည်း သိုလှောင်ထားတဲ့ လက်ကျန်ရှိသူတွေကတော့ လက်ကျန်ရှိတဲ့ ပစ္စည်း အမျိုးအစားနဲ့ အရေအတွက်ပေါ် မူတည်ကာ ဈေးတင်ရောင်းချတာတွေ ရှိသလို ကုန်သည်အများစုမှာ ပစ္စည်း ပြတ်လပ်လာပါတယ်။
အိမ်ရှင်မ တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေ အဝင်မခံဘဲ ဆက်တိုက် ဖမ်းဆီးနေတဲ့အတွက် ပစ္စည်းပြတ်ပြီး ဈေးပိုတက်လာကြောင့် အခြေခံအလုပ်သမားတွေအပြင် စစ်ကော်မရှင်ဝန်ထမ်းတွေကအစ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။
“ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်တာတော့ ဒီမှာတော့ ကုန်သည်တွေက ပိုဆိုးတာပေါ့။ တဆင့်ခံ ပြန်ရောင်းတဲ့သူတွေက ပိုပြီးတော့ အဲဒီအသံ ကြားလေ သူတို့က ပိုတက်လေပဲ။ အခုက အခြေခံ အလုပ် သမားတွေပေါ့နော်။လက်လုပ်လက်စား အလုပ်သမားတွေ နေ့စား အလုပ်သမားတွေအတွက် ဒုက္ခ ရောက်တာပေါ့။ ဝန်ထမ်းတွေလည်း ဒုက္ခရောက်တာပါပဲ”လို့ ဆိုပါတယ်။
စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေ ဆက်တိုက်ဖမ်းဆီးနေတဲ့အတွက် ဈေးကွက်အတွင်း လက် ကျန်ရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ် မူတည်ကာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။
တဖက်မှာတော့ စစ်ကော်မရှင်ဟာ ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တပ်ရင်း၊ တပ်ဖွဲ့ ရိက္ခာအဖြစ် ပြန်လည်အသုံးပြုနေပြီး တပ်တွင်းမိသားစုတွေကတော့ အပြင်ဈေးကွက်မှာ ပြန်လည်ရောင်းချတာတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI