ရေး ၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်တောင်ပိုင်းမှာ စခန်းချထားတဲ့စစ်တပ်ရဲ့ လုံခြုံရေးဂိတ်တွေနဲ့ ကင်းပုန်းတွေကို မွန် ပြည်နယ်အခြေစိုက် မွန်လူမျိုးအခြေပြုလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်တပ်တွေက ခပ်စိပ်စိပ် တိုက်ခိုက်လာနေပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာက ဘူတာနဲ့ ထင်းရှူးကျေးရွာက ဘူတာအနီးမှာ ရှိတဲ့ စစ်တပ်ကင်းပုန်းတွေကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ ဗုံးကြဲခဲ့ကြတာပါ။
အနင်းဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို မနက် ၁၀ နာရီမှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ပျောက်ကြားစစ်ဆင်ရေးဖော်ဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတော့ ထင်းရှူးဘူတာနားက စစ်တပ်ကင်းပုန်းကိုလည်း ဒရုန်းဗုံးသီးနှစ်လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘဲ အောင် မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်ကထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေကိုတော့ ဆက် လက်စုံစမ်းနေဆဲလို့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှာပါဝင်တဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ထားတာပါ။
တစ်ဘက်မှာ အသွင်ပြောင်းစစ်ကော်မရှင်ကနေ ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ကျန်ရှိတော့တဲ့အချိန်မှာ မွန်ပြည်နယ်တောင်ပိုင်းရှိ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးဖော်ဆောင်မှု ခြေလှမ်းစိပ်လာတာ ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ မိတလဉာဏ်က စစ်အုပ်စုရဲ့ အလိမ်အညာရွေး ကောက်ပွဲကို စစ်ရေးအရ ဆန့်ကျင်သွားမှာဖြစ်လို့ လှုပ်ရှားတဲ့ဒေသတွေမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်မတို့အနေနဲ့ စစ်အုပ်စုက ကျင်းပတဲ့ အလိမ်အညာ ရွေးကောက်ပွဲကို ကျွန်မတို့က နိုင်ငံရေးအရရော စစ်ရေးအရရော ဆန့်ကျင်သွားမှာဖြစ်တယ်။ဒီအပေါ်မှာကျွန်မတို့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ကတော့ စစ်ရေးလှုပ်ရှားရာဒေသမှ ာစစ်ကောင်စီရှိတဲ့နေရာ စစ်အုပ်စုရှိတဲ့နေရာတွေကို ကျွန်မတို့က စစ်ဆင်ရေးတွေ ဖော်ဆောင်ပြီးဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ်စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည် နယ်တောင်ပိုင်းက မပါဝင်ပေမယ့် ပြည်နယ်တစ်ခုလုံးကိုတော့ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ထားတာပါ။
ဒါကြောင့် မွန်ပြည်တော်လှန်ရေးတပ် MSRF က စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး Non CDM ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင်ခြင်းမပြုဖို့သတိပေးမှုအပေါ် မလိုက်နာရင် အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ AD /ရာမညမွန်တပ်တော်ကလည်း အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး ထိန်းချုပ်လှုပ်ရှားဒေသတွေမှာရွေးကောက်ပွဲပြုလုပ်တာကို လုံးဝ လက်မခံဘူးလို့ သဘောထားထုတ်ပြန်ထားတာပါ။
ဒီလိုမျိုး ကြေညာချက်တွေ ထုတ်ပြန်ထားကြတဲ့ မွန်လူမျိုးအခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် အခြားမဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး စစ်တပ်ရဲ့ ကင်းစခန်းတွေကို တောက်လျှောက်တိုက်ခိုက်လာနေတာပါ။
စက်တင်ဘာ ၁၃ ရက်နေ့က ရေးမြို့နယ် နှစ်ကရင်ရွာလမ်းဆုံအနီးရှိ ရထားလမ်းဘေးက ကင်းပုန်းဝပ်နေတဲ့ စစ်တပ်ကင်းပုန်းကို ဒရုန်းနဲ့ဗုံးနှစ်လုံးကြဲချခဲ့သလို မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းကိုလည်း စက်တင်ဘာ ၇ ရက်နေ့မှာ အလားတူ တိုက်ခိုက်ခဲ့ပါသေးတယ်။
တိုက်ခိုက်မှုတွေကိုအားလုံးကိုတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီMSFC ရဲ့ ကာကွယ်ရေးဌာနက မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF တို့အပါအဝင် ရာမညမွန်တပ်တော် RMA ၊ KNLA တပ်ရင်း (၂၇)တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media