ပုလော၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်း ပလမြို့ မီးသတ်ရုံးအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်နှစ်ဦး ချောင်း ပစ်ခတ်ခံရတာကြောင့် ကျဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် နှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အလုပ်ကိစ္စကြောင့် ဆိုင်ကယ်နဲ့သွားစဉ် ပလမြို့မီးသတ်ရုံးအနီး လမ်းပေါ်မှာ ချောင်းပစ်ခံခဲ့ရတာပါ။
ချောင်းပစ်ခတ်ခံရတာကြောင့် ဒုတပ်ခွဲမှူး ဗိုလ်နီနဲ့ တပ်စိတ်မှူး စက်ရုပ်တို့ ကျဆုံးခဲ့ပြီး သူတို့နဲ့အတူ ပါသွားတဲ့ သေနတ် တစ်လက်နဲ့ ခဲယမ်းတချို့ ဆုံးရှုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် နှစ်ဦးရဲ့ ရုပ်အလောင်းကို နေ့ချင်းပြန်ကောက်လာနိုင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
ပလမြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်အပြန်အလှန် အလစ်ငိုက်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media