နေပြည်တော် ၊ စက်တင်ဘာ ၆

အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံဆော်မှုတွေ ဝါဒဖြန့်မှုတွေကို အွန်လိုင်းမီဒီယာ အသုံးပြုပြီး ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားဖို့ လိုအပ်တယ်လို့ စစ်ကော်ရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံ ရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့တာပါ။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့် ဆင့်အနေနဲ့ ဥပဒေနဲ့အညီ အပ်နှင်းထားတဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာတာဝန်တွေကို အလေးထား ကြိုးပမ်းသွားကြဖို့ ဆိုပါတယ်။

ဒါ့အပြင် အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအနေနဲ့ ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေ ပျက်ပြားစေရေး အွန်လိုင်းမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေခဲ့သူတွေကို ဖော်ထုတ်အရေးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေအရ အရေးယူမှု သုံးမှုရှိခဲ့ပြီလို့ ပြည်ထဲရေးဝန်ကြီးက အသိပေးပါတယ်။ ဒါပေမယ့် အရေးယူခဲ့တဲ့ အမှုဖြစ်စဉ်တွေကိုတော့ ပြောမသွားခဲ့ပါဘူး။

ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်ရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားကြဖို့ကိုလည်း သူက ညွှန်ကြားခဲ့သေးတာပါ။

အဲဒီလို လုပ်ဆောင်ရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့၊ ဦးစီးဌာနတွေအနေနဲ့ စစ်တပ်၊ ပြည်သူ့စစ်အဖွဲတွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းမဖွဲ့စည်းခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းထားတာပါ။

အဲဒီဥပဒေအရ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကို အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းနဲ့ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသအပြင် ခရိုင်၊ မြို့နယ်အဆင့်ထိပါ အဆင့်ဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ကားကို အမျိုး သားနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်ပစ်ဖောက် ကားလုယက်မောင်းပြေးသွားခဲ့တဲ့အပေါ် လုံခြုံမှုမရှိကြောင့် Facebook ပေါ် ဝေဖန်ရေးသားခဲ့သူ အမျိုးသားတစ်ဦးကို စစ်ကော်မရှင်က အရေးယူခဲ့ပါတတယ်။

အရေးယူခံရသူဟာ သူ့ရဲ့ Facebook မှာ လားရှိုးမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ကားလုယက်မှု ဖြစ်စဉ်အပေါ် ပြည်သူတွေဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဉ်းစားဖို့နဲ့ အဖြစ်မရှိကြောင်း ရေးသားခဲ့တာပါ။

ဒါကြောင့် “Lashio Baegyi” Facebook အကောင့်ပိုင်ရှင် အသက် ၃၆ နှစ်အရွယ် ကိုနေသွေးရဲ့ ရေးသားမှုတွေဟာ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေထားတဲ့အတွက် စစ်ကော်မရှင်က ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ဖမ်းဆီးပြီး အရေးယူထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပါ ပုဒ် ၁၆ မှာတော့ ဘယ်သူမဆို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချီတာတွေကို ဘယ်နည်းနဲ့မှ မပြုရဘူးလို့ တားမြစ်ထားတာပါ။

အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) မှာ ဖော်ပြပါတယ်။

အလားတူ ပုဒ်မ ၂၃ (ခ) မှာလည်း အဲဒီပြစ်မှုကို လူစုလူဝေးနဲ့ ဖောက်ဖျက်ကျူးလွန်ရင် ပြစ်မှုကျူးလွန်သူတွေကို ထောင်ဒဏ် အနည်းဆုံး ငါးနှစ်ကနေ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.