ရေဖြူ၊ စက်တင်ဘာ ၆
နှစ်ဖက်တိုက်ပွဲတွေကြောင့် ၁၀ ရက်ကျော်ကြာ ပိတ်ထားတဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ကစပြီး ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းအသုံးပြုခွင့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီပိတ်ပင်ခဲ့တာပါ။
ဒါပေမယ့် ခရီးသွားပြည်သူတွေရဲ့ အခက်အခဲတွေကြောင့် ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့ နေ့လည်ပိုင်းကစလို့ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်တယ်လို့ PDF နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတာဝန်ခံ စောဒါးကိုက ပြောပါတယ်။
လမ်းပိတ်ထားတဲ့ ကာလအတွင်း ခရီးသွားပြည်သူတွေ အခက်အခဲအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စစ်ရေးအခြေအနေကြောင့် မလွှဲသာမရှောင်သာ လုပ်ရတဲ့အတွက် ပြည်သူတွေအနေနဲ့ နားလည်ပေးဖို့ တောင်းဆိုတာပါ။
ရေး-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းက သာယာမွန်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထိခိုက်မှု အသေးစိတ် မသိရသေးပါဘူး။
ရေး – ထားဝယ်လမ်းပိုင်း ပိတ်ထားတဲ့ကာလအတွင်း ကုန်တင်ယာဉ်တွေအပါအဝင် ခရီးသွားကားအစီးရေ ၅၀၀ ကျော် ပိတ်မိခဲ့ပြီး ကုန်စိမ်း၊ သားငါးနဲ့ပန်းတွေအပါအဝင် ပုတ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတွေ ပျက်စီးခဲ့တဲ့အတွက် စွန့်ပစ်ရတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ