အစ္စလာမ်မာဘက်၊ စက်တင်ဘာ ၆

ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း ပါကစ္စတန်နဲ့ တရုတ်တို့ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံတန် ရင်းနှီးမြှုပ်နှံရေး စာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ အပြီးသတ် ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေထဲ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိ နားလည်မှုစာချွန်လွှာနဲ့ စိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကား၊ ကျန်းမာရေး၊ သံမဏိနဲ့ တခြားကဏ္ဍတွေ ပါဝင်တဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ လက်တွဲ လုပ်ကိုင်ရေး သဘောတူညီမှုတွေ ပါဝင်ပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နှစ်စဉ် ညီလာခံပြင်ပမှာ ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ညီလာခံမှာ ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်က တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ နောက်တစ်ပိုင်းကို မိတ်ဆက်ခဲ့ပြီး စီမံကိန်းတွေ အလျင်အမြန် ပြီးမြောက်စေရေး ဗျူရိုကရက်ဆန်တဲ့ အတားအဆီးတွေကို ရှင်းလင်းပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

မိမိတို့အစိုးရအနေနဲ့ တရုတ် အလုပ်သမားတွေအတွက် လုံခြုံရေး တိုးမြှင့်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ရှီဘတ်စ်က တရုတ်လုပ်ငန်းရှင်တွေကို ကတိပြုခဲ့ပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံက တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း ဒေသကို ပါကစ္စတန်ရဲ့ အာရေဗျ ပင်လယ်ဆိပ်ကမ်း ဂဝါဒါနဲ့ ချိတ်ဆက်ပြီး ကားလမ်းနဲ့ ရထားလမ်းစနစ်တွေ တိုးတက်အောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒါက ကမ္ဘာတဝန်း အခြေခံအဆောက်အဦတွေ တည်ဆောက်ပြီး ကုန်သွယ်ရေး တိုးတက်အောင် လုပ်ဆောင်မယ့် ရပ်ဝန်း တစ်ခု လမ်းကြောင်း တစ်ခု စီမံကိန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပါကစ္စတန်မှာ အလုပ်လုပ်နေတဲ့ တရုတ် အလုပ်သမား ထောင်ပေါင်းများစွာ ရှိနေပါတယ်။

သူတို့ထဲက တချို့ကို ဘာလော့ချ် ခွဲထွက်ရေးသမားတွေနဲ့ ပါကစ္စတန် တာလီဘန် စစ်သွေးကြွတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အားကောင်းကောင်းနဲ့ ကာကွယ်ပေးဖို့ တရုတ်ဘက်က အကြိမ်ကြိမ် တိုက်တွန်းခဲ့ရပါတယ်။
Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.