ဝါရှင်တန်၊ စက်တင်ဘာ ၆

ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်း စက်ရုံကို တရားရုံးရဲ့ ရှာဖွေဝရမ်းနဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက စက်တင်ဘာ ၄ ရက်က ဝင်ရောက်စီးနင်းပြီး လူ ၄၇၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ စက်ရုံဟာ တောင်ကိုရီးယားကုမ္ပဏီ ဟွန်ဒိုင်းက လျှပ်စစ်ကားတွေ ထုတ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။

မိမိတို့ ဖမ်းဆီးထားသူ အများစုဟာ တောင်ကိုရီးယားက ဖြစ်တယ်လို့ အမိမြေ လုံခြုံရေး စုံစမ်းစစ်ဆေးရေးဌာန အထူးအေးဂျင့် တာဝန်ခံအရာရှိ စတီဗင် ရှရန့်က စက်တင်ဘာ ၅ ရက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီစစ်ဆင်ရေးက ဂျော်ဂျီယာပြည်နယ်သားတွေနဲ့ အမေရိကန်နိုင်ငံသားတွေ အလုပ်အကိုင် ရစေရမယ်ဆိုတဲ့ မိမိတို့ရဲ့ကတိကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

တောင်ကိုရီးယား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဂျေးဝေါင်က ဖမ်းဆီးခံရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ အများကြီးပဲလို့ ပြောပေမယ့် အရေအတွက်ကိုတော့ မပြောပါဘူး။

ဂျော်ဂျီယာပြည်နယ်ရှိ အကြီးမားဆုံးနဲ့ အထင်ရှားဆုံး ကားထုတ်လုပ်ရာ နေရာကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေးက ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံဟာ မိမိတို့ ပြည်နယ်ရဲ့ရာဇဝင်မှာ အကြီးမားဆုံး စီးပွားရေး ဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တခြားအရာရှိတွေက ချီးမွှမ်းထားတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံကို စီးနင်းပြီးနောက် နိုင်ငံခြားအလုပ်သမားတွေအနေနဲ့ အမေရိကန်မှာ အလုပ်လုပ်ဖို့ ခွင့်ပြုချက်လိုအပ်မယ့် ဥပဒေတွေ ပြဌာန်းသွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

စီမံကိန်းတွေအတွက် ခေါ်ယူတဲ့ နိုင်ငံခြား အလုပ်သမားတွေအနေနဲ့ အမေရိကန် နိုင်ငံထဲ အလုပ်လုပ်ခွင့်နဲ့ တရားဝင် ဝင်ရောက်ရမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အဘီဂေးလ် ဂျွန်ဆင်က ပြောဆိုထားပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.