နေပြည်တော် ၊ စက်တင်ဘာ ၂

အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် သတ်မှတ်ကြေညာပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်အစိုးရအပါအဝင် အိန္ဒိယနိုင်ငံတို့ကို အပေးအယူလုပ်လာပါတယ်။

ဩဂုတ် ၃၀ ရက်နေ့ကစပြီး တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း ဩဂုတ် ၃၁ ရက်နေ့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်လက်အာက်ခံ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီရဲ့ Facebook စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြေရှားသတ္တုတူးဖော်ရေး အပါအဝင် စွမ်းအင်၊ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ လုံခြုံ ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုရရှိခဲ့တယ်လို့ ဩဂုတ် ၃၁ ရက်နေ့မှာ ဖော်ပြပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြေရှားသတ္တူတူးဖော်ရေးကိစ္စကို ဖော်ပြခြင်း မရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံက ထောက်ခံအားပေးနေပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောကြားထားတာပါ။

ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်စေရေး အိန္ဒိယနိုင်ငံက ထောက်ခံပေးနေပြီး နှစ်နိုင်ငံကြား နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးနဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ လိုချင်နေတဲ့ အကျိုးစီးပွားကို စစ်ခေါင်းဆောင်က စီးပွားကုန်သွယ်ရေးနဲ့ ဗန်းပြပြီး နွေဦးတော်လှန်ရေးကို တိုက်ဖျက်နိုင်‌အောင် လုပ်တာလို့ သုံးသပ်ပါတယ်။

“မင်း‌အောင်လှိုင်ကနေမှ တရုတ်နဲ့ အိန္ဒိယနိုင်ငံကို သူတို့လိုချင်နေတဲ့ သူတို့နိုင်ငံအကျိုးစီးပွားအ တွက်ဆိုပြီးတော့ စီးပွားကုန်သွယ်ရေးကို အကြောင်းပြပြီး ကျွန်‌တော်တို့ တိုင်းရင်းသားလက်နက် ကိုင်တွေရော နွေဦးတော်လှန်ရေးကိုရော သူတို့ရဲ့ (တရုတ်နဲ့ အိန္ဒိယ) အကူအညီရရှိအောင် တစ်ဘက်လှည့်နဲ့ လုပ်တာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ နောက်တစ်ခုက အိန္ဒိယအစိုးရက ရွေးကောက်ပွဲပတ်သက်ပြီး ဒီရွေးကောက်ပွဲကို သူတို့နှစ်နိုင်ငံက အသိအမှတ်ပြုပေးဖို့ ဆိုပြီးတော့မှ အဲဒီခေါ်တာ။ ချုပ်ပြီးပြောရင်တော့ အဓိက နွေဦးတော်လှန်ရေးကို (တိုက်ဖျက်ရာမှာ) သူက (မအ လ) နှစ်နိုင်ငံထောက်ခံမှုရရှိအောင် စီးပွားရေးကုန်သွယ်ရေးကို ဗန်းပြပြီး လုပ်တာလို့ပဲ မြင်တယ်” လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ အချက်အလက်တွေအရ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အစိုးရတို့ဟာ မြန်မာစစ်အုပ်စုကို စစ်ရေးဆိုင်ရာတွေ ခေတ်မီလက်နက်ပစ္စည်းတွေ ဒရုန်းတွေနဲ့ နည်းပညာအကူအညီတွေမှာ ပံ့ပိုးရောင်းချပေးနေသလို လေ့ကျင့်သင်ကြားပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် တာ ဝန်ယူထားတဲ့ စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက အပြုသဘောအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ အသံဖိုင်အရ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက ဖိအားပေးနေတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးရရှိမှုအခြေအနေတွေကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာပါ။

စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်က တရုတ်ကို ဆန့်ကျင်ပြီး စစ် တပ်ကို ဘယ်လိုပြုတ်အောင် တိုက်မလဲဆိုတဲ့ အချက်ကို မြောက်ပိုင်းအဖွဲ့တွေက အကောင်အ ထည်ဖော်ရတော့မယ်လို့ ထောက်ပြပါတယ်။

“တရုတ်အစိုးရ တရုတ်စီးပွားရေးရှင်တွေကို နှစ်ဘက်စလုံးက (စစ်တပ်နဲ့ မြောက်ပိုင်းအဖွဲ့) ဒဲ့ကြီးတော့ ဘယ်သူမှ စိန်မခေါ်ရဲဘူး၊ ဒဲ့ကြီးတော့ မငြင်းဆန်ရဲဘူးဆိုတဲ့ အချက်ကို သွားတွေ့ရတယ်။ အဲဒါတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ အခုကတော့ အထုပ်လိုက်အထည်လိုက် တည့်တည့်သွားတွေ့တဲ့ အနေအထားမျိုးပေါ့။ အဲဒီတော့ တရုတ်မပါဘဲနဲ့ တရုတ်ကိုဆန့်ကျင်ပြီး စစ်တပ်ကို ဘယ်လိုပြုတ်အောင် တိုက်မလဲဆိုတဲ့ အခန်းကဏ္ဍကို ပြန်ပြီးတော့ စဉ်းစားရတော့မယ် အကောင်အထည်ဖော်ရတော့မယ်”လို့ ဆိုပါတယ်။

ဩဂုတ် ၃၁ ရက်နေ့မှာ ပြုလုပ်တဲ့ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ ဆုံပွဲမှာတော့ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူတွေ ကုန်သွယ်မှုဆောင်ရွက်သူတွေအတွက် နစ်နာမှုမရှိအောင် ကြိုးပမ်းပေးသွားမယ်လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာမှာ မြန်မာနိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုတွေ ပိုမိုအားကောင်းလာစေမှာဖြစ်သလို တည်ငြိမ်မှုရှိလာတာနဲ့အမျှ စီးပွားရေးအခွင့် အလမ်းတွေလည်း ပိုမိုတိုးတက်လာမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံပေါင်း ၅၃ နိုင်ငံထဲက အဆင့် ၂ နေရာမှာ ရှိနေတာလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

မြန်မာနိုင်ငံကနေ မြေပေါ်၊ မြေအောက်၊ ရေသယံဇာတတွေ၊ လူသားအရင်းအမြစ်တွေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းလိုက်ရင် နှစ်နိုင်ငံအတွက် သိသာတဲ့ ရလဒ်ကောင်းတွေ ဖြစ်ပေါ်လာစေမယ်လို့ သူက ပြောကြားထားတာပါ။

လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ဒေသမတည်ငြိမ်မှုတွေကြောင့် ယူနန်စီးပွားရေးကိုလည်း ထိခိုက်နေတာ တွေ့ရှိရတာကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဦးစွာအ‌လေးထား ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ရမှာဖြစ်သလို မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ စီမံကိန်းလုံခြုံရေးကို သေချာစေရမယ်လို့ ပြောကြားထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားကို ကျယ်ကျယ်ပြန့်ပြန့် သွေးစည်းညီညွတ်အောင် ဆောင်ရွက်ပြီး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ဖော်ဆောင်မှုကို ထောက်ခံတယ်လို့လည်း သူကပြောဆိုကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က တရုတ်အပါအဝင် အင်အားကြီး နိုင်ငံတွေဟာ သူတို့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် အစိုးရပေါ်လာမှာကို သဘောမကျတာကြောင့် စစ်ခေါင်းဆောင်ဘက်ကို ထောက်ခံတာလို့ သုံးသပ်ပါတယ်။

“ဗမာပြည်မှာ ပြည်သူမကြိုက်တဲ့အဖွဲ့ ဒီစစ်တပ်က ဆက်ရှိနေသေးသရွေ့ တရုတ်အပါအဝင် နိုင်ငံ ခြားတိုင်းပြည်အနေနဲ့ ကျွန်တော်တို့ရဲ့ သံယံဇာတတွေကို ကမ္ဘာ့ပေါက်ဈေးနဲ့ မဟုတ်ဘဲ သူခိုးဈေးပေးပြီး အဲဒီလောက်နဲ့ရမယ်။ သူတို့ပေးသလောက် ဈေးနဲ့ပဲ လုပ်လို့ရမယ်။ လူထုရွေးချယ်ထားတဲ့ တရားဝင်အစိုးရ မဟုတ်တဲ့အခါကျတော့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာလည်း အခက်အခဲရှိတယ်။ ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေလည်း ရှိနေတယ်။ ဒါကြောင့်မို့ အဲဒီအခြေအနေမှာ တရုတ်အပါ အဝင် နိုင်ငံကြီးတော်တော်များများက ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရက်တစ်အစိုးရ ပေါ်လာမှာကို သဘောမကျကြဘူး။ ဘာကြောင့်လဲဆို သူတို့ အကျိုးအမြတ် လျော့သွားနိုင်ခြေရှိတယ်” လို့ဆိုပါတယ်။

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲမှာတော့ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြရာမှာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ ဆင်ဟွာသတင်းအေဂျင်စီတို့ကြား သတင်းဖလှယ်မှုနဲ့ ပူးပေါင်းမှုသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာပါ။

တရုတ်နိုင်ငံ အသေးစားနဲ့အလတ်စားလုပ်ငန်းများအသင်း (CASME) က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ လက်မှတ်ရေးထိုးခဲ့သလို မြန်မာ – အိန္ဒိယ – တရုတ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA) နဲ့လည်း နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် ရွှေသံလွင်ဟိုးလ်းဒင်းကုမ္ပဏီလီမိတက်နဲ့ China Harbor Engineering Co., Ltd. (CHEC) တို့အကြား ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သလို အခြားသော မြန်မာကုမ္ပဏီသုံးခုကလည်း တရုတ်နိုင်ငံက ကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ကိုယ် စီ ရေးထိုးခဲ့ကြတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးဟာ အ ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်တာဖြစ်သလို စစ်ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ထောက်ခံမှုရရှိဖို့ အပေးအယူလုပ်တာလို့ ဝေဖန်ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.