ကိဗ်၊ သြဂုတ် ၂၅

ယူကရိန်း လွတ်လပ်ရေးနေ့ ပြောကြားတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပြောင်ပြောင်တင်းတင်း ပြောဆိုမှုအဖြစ် သမ္မတ ဇီလန်စကီးက ငြိမ်းချမ်းရေးရဖို့ မိမိတို့ရဲ့ တောင်းဆိုမှုတွေကို အများမကြားသိနိုင် ဖြစ်နေပြီး မိမိတို့ လွတ်လပ်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးပဲ လိုအပ်တာပါ။ ကျွန်တော်တို့ကပဲ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်မယ့် ငြိမ်းချမ်းရေးမျိုးပါ”လို့ သူက ပြောကြားပြီး ယူကရိန်းဟာ သားကောင်မဟုတ်ဘဲ တိုက်ပွဲဝင်သူ ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

ယူကရိန်း အနိုင်မရသေးဘူးဆိုပေမယ့် မရှုံးသေးတာ သေချာတယ်လို့လည်း ဇီလန်စကီးက ဆိုတာပါ။

ရုရှား စွမ်းအင်နဲ့ ဓာတ်အားပေး အဆောက်အဦတွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ မော်စကိုက ပြောကြားပြီးနောက် ဇီလန်စကီးက အခုလိုမျိုး ပြောကြားလာတာပါ။

ဒီအတောအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့ရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ တစ်ခု မီးလောင်ခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက်မှု မရှိဘူးလို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ နျူကလီးယားစွမ်းအင် စောင့်ကြည့်ရေး IAEA အဖွဲ့က ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံး နျူကလီးယား စက်ရုံတွေနားမှာ အများကြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဖက် အပြန်အလှန် ထိုးစစ်ဆင်မှုတွေ ရှိနေပေမယ့် ရုရှားနဲ့ ယူကရိန်းကြား သြဂုတ် ၂၄ ရက်က စစ်အကျဉ်းသားတွေ လဲလှယ်ခဲ့ကြပါတယ်။

ယူအေအီးရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ တစ်ဖက် စစ်အကျဉ်းသား ၁၄၆ ယောက်စီ လဲလှယ်ခဲ့ကြတာပါ။

ယူကရိန်း သမ္မတကို ထောက်ခံတဲ့အနေနဲ့ ကနေဒါဝန်ကြီးချုပ် မက်ကာနေးလ်က မိမိတို့အနေနဲ့ ယူကရိန်းဖက်က ရင်ပေါင်တန်းပြီး ရပ်တည်သွားမယ်လို့ ပြောပါတယ်။

၃၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသို့ ဂုဏ်ပြုစာ ပေးပို့ခဲ့ကြောင်းကိုလည်း ဇီလန်စကီးက လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

ထရန့်ရဲ့ ဂုဏ်ပြုစာမှာ အဆင်အခြင်မဲ့ လူသတ်မှုတွေ ရပ်တန့်ရမယ့် အချိန် ရောက်လာပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန်က ယူကရိန်းနဲ့ ရင်ပေါင်တန်းပြီး ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

ဗြိတိန်ကလည်း ယူကရိန်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ ယူကရိန်းအလံ လွှင့်ထူခဲ့ပါတယ်။

ဒီအတောအတွင်း နော်ဝေကလည်း ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ လေကြောင်း ကာကွယ်ရေးစနစ်တွေ ထောက်ပံ့သွားမယ်လို့ ကြေညာထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.