ဂျေရုစလင်၊ သြဂုတ် ၂၅

စီစဉ်ထားတဲ့အတိုင်း ဂါဇာစီးတီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းသွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ကြွေးကြော်ပြီးနောက် မြို့ရဲ့ အရှေ့ဖက်နဲ့ မြောက်ဖက် ဆင်ခြေဖုံးဒေသတွေမှာ သြဂုတ် ၂၃ ရက်ကနေ ၂၄ ရက်အထိ အစ္စရေး တိုက်လေယာဉ်တွေ သံချပ်ကာကားတွေရဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အဦတွေ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇိုင်တောင်နဲ့ ရှီဂျာအီယာဒေသကို အစ္စရေး စစ်တပ်က ညအချိန် တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံတွေ မရပ်မနား ကြားနေခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာတွေကနေ ကောင်းကင်ဆီကို မီးတောက်တွေ မြင့်တက်လာတာ တွေ့ရပြီး မိသားစု တချို့ ဂါဇာစီးတီးကနေ ထွက်ပြေးသွားခဲ့ကြပေမယ့် တခြားလူတွေကတော့ သေရမယ်ဆိုရင်လည်း ကိုယ့်မြို့မှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ထားကြပါတယ်။

စစ်သွေးကြွတွေရဲ့ လိုဏ်ခေါင်းတွေကို ရှင်းလင်းရေးနဲ့ ဒေသကို ကောင်းကောင်း ထိန်းချုပ်နိုင်ရေး အစ္စရေးစစ်တပ်က ဂျဘာလီယာ ဒေသကို သြဂုတ် ၂၄ ရက်ကတည်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဂါဇာစီးတီးကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်ခွင့်ပြုကြောင်း အစ္စရေးအစိုးရက အခုလအတွင်း ခွင့်ပြုခဲ့ပေမယ့် သီတင်းပတ်ပိုင်းအတွင်း ထိုးစစ်တွေ စတင်ဖို့ မရှိဘူးလို့ ယူဆထားကြတဲ့ ကာတာနဲ့ အီဂျစ်တို့က ကြားဝင် ညှိနှိုင်းပေးဖို့ ကြိုးပမ်းနေကြပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ဟားမာ့စ်အဖွဲ့ လက်နက် ဖြုတ်သိမ်းပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရယူဖို့ သဘောမတူရင် ဓားစာခံတွေကို ပြန်မလွှတ်ပေးရင် ဂါဇာစီးတီးကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဂါဇာစီးတီးကို အစ္စရေး စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတာဟာ အပစ်အခတ်ရပ်စဲရေး အလေးအနက် သဘောမထားကြောင်း ဖော်ပြနေတယ်လို့ ဟားမာ့စ်အဖွဲ့ရဲ့ သြဂုတ် ၂၄ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ဆွေးနွေးနေတာက ဂါဇာမှာ ရက်ပေါင်း ၆၀ ကြာ အပစ်ရပ်စဲရေး ဟားမာ့စ်က ဓားစာခံ ၁၀ ဦးနဲ့ လူ ၁၈ ဦးရဲ့ အလောင်းတွေကို အစ္စရေးဆီ ပြန်လွှဲပေးရမှာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ဟားမာ့စ်က လက်သင့်ခံခဲ့ပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပယ်ချပြီး ဓားစာခံ အားလုံး ပြန်လွတ်မြောက်ရေး ဆွေးနွေးမှု အသစ်တွေ ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။

ဂါဇာစီးတီးကို တိုက်ခိုက်ရင် နဂိုက ဆိုးရွားနေတဲ့ လူသားချင်းစာနာ ထောက်ထားရေး အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်လို့ နိုင်ငံတကာက သတိပေးထားပြီး စစ်ပွဲရပ်တန့်ရေး၊ ဓားစာခံ အားလုံး ပြန်လွတ်မြောက်အောင် လုပ်ဆောင်ပေးရေး အစ္စရေး နိုင်ငံသားတွေ ဆန္ဒပြ တောင်းဆိုနေပေမယ့် အစ္စရေးက ဂါဇာစီးတီးကို စတင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.