ကျိုက်ထို၊ ဩဂုတ် ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်း လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် သံဃာတော် သုံးပါး ပျံလွန်တော်မူပြီး လေးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ သြဂုတ် ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဟာ ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ ပေါင် ၅၀၀ တစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲခံရတာကြောင့် ဆွမ်းဘုန်းနေတဲ့ သံဃာတော် နှစ်ပါး အခင်းဖြစ်ရာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် နောက်တစ်ပါးက ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗုံးကြဲမှုအတွင်း သံဃာတော် လေးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းအဆောင် နှစ်ဆောင်နဲ့ ကားတွေပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ ချမ်းမြေ့ကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေထဲမှာ ပါဝင်တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ကျိုက်ထိုမြို့နယ် ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်း ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ