ရေး၊ ဩဂုတ် ၂၄

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရတာကြောင့် စစ်သား တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၃ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ခမရ ၅၉၁ တပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး ၄၀ မမ သုံးလုံးထက်မနည်း လာရောက်ပစ်ခတ်သွားတာပါ။

အဲဒီပစ်ခတ်မှုအတွင်း လက်နက်ကြီးတစ်လုံး လူပျိုအိပ်ဆောင်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ခမရ ၅၉၁ တပ်ရင်း တိုက်ခိုက်ခံရပေမယ့် စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်တာမျိုး မဟုတ်ဘဲ မနက်ရောက်မှသာ တပ်ပတ်ဝန်းကျင်ကို နယ်မြေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီအချိန်လောက်မှာလည်း ရေးမြို့နယ် လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနင်ကမော့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာ ထမင်းစားနေတဲ့ အသက် ၄၀ အရွယ် မသာဝေ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.