နေပြည်တော် ၊ ဩဂုတ် ၂၄
ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက အထောက်အထားအပြည်အစုံနဲ့ ကြိုတင်ဆန္ဒမဲရရှိဖို့ စစ်ကော်မရှင်က ကြိုးပမ်းလာပါတယ်။
ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွေမှာ စတင်ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၁ ရက်နေ့မှာ အသိပေးကြေညာခဲ့တာပါ။
ပုံစံ (၁၅) ကိုတော့ စစ်ကော်မရှင်လက်အောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ သံရုံးတွေရဲ့ ဝက်ဆိုက်တွေကနေ Download ရယူနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ မဲပေးနိုင်ဖို့ အချက်အလက် ဖြည့်ပြီးတဲ့ ပုံစံ (၁၅) ကို သက်ဆိုင်ရာ သံရုံးတွေထံ ဩဂုတ် ၂၁ ရက်ကနေ စက်တင်ဘာ ၈ ရက်နေ့အတွင်း ပြန်လည် ပေးပို့ရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတစ်ဦးကတော့ အဲဒီ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်သလို စစ်ကော်မရှင်ရဲ့ အမျိုးမျိုး ဖိနှိပ်မှုတွေကြောင့် ပြည်ပနိုင်ငံကို ရောက်လာကြသူ အများစုကလည်း ဆန့်ကျင်ကြမယ့်သူတွေ အများကြီးပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကော်မရှင်က စီစဉ်တဲ့ ရွေးကောက်ပွဲကို ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ကျွန်မအနေနဲ့ဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတစ်ယောက်အဖြစ် ပါတာပေါ့။ ဘာဖြစ်လို့လဲဆို ဒီဘက်ရောက်တဲ့ လူတွေ တော်တော်များများက စစ်ကောင်စီရဲ့ ဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်း အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းဥပဒေကြောင့် ဒီဘက်ရောက်လာတဲ့ သူတွေ အများကြီးရှိတယ်။ ဆိုတော့ သူတို့ ဒီဖောင်ပုံစံ (၁၅) နဲ့ ဘယ်လိုပဲ လုပ်လုပ်ပေါ့၊ ဒါက ဖြစ်လာနိုင်တယ်လို့ မထင်ဘူး။သူတို့ကို Support ပေးနိုင်မယ်လို့ မထင်ဘူး။ ဒီဘက်ရောက်လာတဲ့ သူ တော်တော်များများက စကစရဲ့ လုပ်ငန်းစဉ် ဦးဆောင်တဲ့ဟာတွေ အကုန်လုံးကို ဆန့်ကျင်မယ့်သူတွေက အများကြီးပဲပေါ့”လို့ ဆိုပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံအပါအဝင် မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေကလည်း သူတို့ရဲ့ Facebook စာမျက်နှာကနေ နိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ မဲပေးနိုင်ရေး ပုံစံ (၁၅) တွေကို ဖြန့်ဝေနေတာပါ။
ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူတွေအနေနဲ့ ပုံစံ (၁၅) နဲ့ တောင်းဆိုရမှာဖြစ်ပြီး အမည်၊ ပြည်တွင်းက အမြဲတမ်းနေထိုင်တဲ့ နေရပ်လိပ်စာအပါအဝင် လက်ရှိ နေထိုင်တဲ့ ပြည်ပနိုင်ငံရဲ့ နေရပ်လိပ်စာတွေကိုပါ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုံစံ (၁၅) ကို တောင်းဆိုသူ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊ စာတိုက်က ဖြစ်စေ၊ သံရုံးအီးမေးလ်ကနေဖြစ်စေ ပြန်လည်ပေးပို့တဲ့အခါမှာလည်း သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူနဲ့ ဆက်သွယ်နိုင်တဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်တို့ကိုပါ ပူးတွဲပေးပို့ဖို့ ကြေညာထားတာပါ။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေတဲ့ ဦးအောင်ကျော်က လက်ရှိ ထိုင်းနိုင်ငံကို ရောက်လာကြသူတွေအားလုံးဟာ ဘယ်လို ဖိအားပေးပေး မဲပေးလိမ့်မှာ မဟုတ်ဘူးလို့ ပြောဆိုနေတာကို ကြားသိရကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူလိုလားတဲ့ အစိုးရ မဟုတ်တဲ့အတွက်ကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတွေက မဲပေးဖို့ အစီအစဉ်မရှိဘူးဆိုတာ ကျွန် တော် သိထားတယ်။ ဘာလို့ဆို ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကလည်း အင်မတန် ကြီးမားနေတာကို ၅ နှစ်လောက်အတွင်းမှာ နိုင်ငံတကာမီဒီယာတွေမှာလည်း တွေ့နေရတဲ့အခါမှာ သူတို့အနေနဲ့ (ထိုင်းရောက်မြန်မာလူထု) သူတို့ လို လားတဲ့ အစိုးရတစ်ရပ်ကို တင်မြှောက်ချင်တာ။ ဒါကြောင့်မို့လို့ ဒီအခြေအနေမျိုးမှာ ဘယ်လောက်ပဲ ဖိအားပေးပေး မဲပေးလိမ့်မယ်လို့ မယူဆဘူးလို့ ကျွန်တော်သုံးသပ်တယ်။သို့သော် ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်လူရွယ် မောင်မယ်တွေအားလုံးကို မေးကြည့်တဲ့အခါ လက်ရှိ မဲပေးခြင်း မပေးခြင်းကိစ္စဟာ သူတို့ နဲ့ လုံးဝ မသက်ဆိုင်ဘူး၊ သူတို့ စိတ်မဝင်စားဘူးဆိုတာမျိုး ပြောဆိုနေတာကို ကြားသိရတယ်ခင်ဗျ”လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ တောင်းဆိုခဲ့ကြပေမယ့် အရာမထင်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးဆောင်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲမှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပုံစံ (၁၅) နဲ့ အချက်အလက်ဖြည့်သွင်းပြီး ကြိုတင်ဆန္ဒမဲပေးခွင့် ရရှိခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က နိုင်ငံ့အာဏာ သိမ်းယူခဲ့ရာကနေ နိုင်ငံတဝန်း နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲအထိ ဖြစ်ပွားလာတာပါ။
တစ်ဘက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို အသုံးချပြီး စစ်တပ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင် စတဲ့ အမည်နာမနဲ့ အစိုးရအဖွဲ့ပြီး နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေကို ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်လာခဲ့ပါတယ်။
ဒီအခြေအနေမှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေနဲ့ စစ်မှုထမ်းဆင့်ခေါ်မှုတွေကြောင့် လုံခြုံ ရေးအရ တိမ်းရှောင်ခိုလှုံတာအပါအဝင် ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်ဆန္ဒမဲရဖို့ ကြိုးပမ်းလာတာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့ စစ်ကော်မရှင်လက်အောက်မှာ တစ်နှစ်တစ်ခါ သက်တမ်းတိုးရမှာတွေ ရှိနေတာမို့ ကြိုတင်မဲရဖို့ ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ပြည်ပရောက် မြန်မာတွေက ကိုယ့်နိုင်ငံထဲကို သူတို့ရဲ့ (စစ်ကော်မရှင်) လက်အောက်ကို ပြန်ဝင်ရမှာဖြစ်တယ်၊ ဒါမှမဟုတ် ပြန်မဝင်ရရင်တောင် တစ်နှစ်တစ်ခါ သက်တမ်းတိုးရမှာတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ အဲဒီအခြေအနေတွေကို သူတို့သိတဲ့အတွက် ကြိုတင်မဲမှာလည်း မဲမပေးဘဲနဲ့ မလာဘဲ မနေရဲဘူးဆိုတာကိုလည်း သူတို့ သဘောပေါက်တယ်။ တစ်ဘက်မှာလည်း တကယ်လို့ (ဆန္ဒမဲ) လာမပေးရင် နိုင်ငံရေးအရ သူတို့ရဲ့ အာဏာစက်ဝန်းထဲမှာပဲ ဖိအားပေးလို့ ရတဲ့ ပုံစံမျိုး ဖိအားပေးမှာပဲ၊ မျိုးစုံအောင် လုပ်ကြမှာပဲ”လို့ ဆိုပါတယ်။
ဒါကြောင့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ သက် ဆိုင်ရာ အင်အားစုတွေအားလုံး ဆွေးနွေးတိုင်ပင်ပြီး တိုက်ဖျက်မယ့် အစီအစဉ်တွေကို စနစ်တကျ တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရမယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကော်မရှင်ကတော့ အပိုင်း ၁ အဖြစ် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်သွားယ်လို့ ကြေညာထားပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထားတာပါ။
သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေလည်း ပါဝင်နေပါတယ်။
ဒါကြောင့် အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ထုတ်ပြောထားသလို သူတို့နယ်မြေအတွင်း ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media