မော်လမြိုင် ၊ ဩဂုတ် ၂၄
ပြည်တွင်းအမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းလာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာ အခုရက် ပိုင်းအတွင်း ဆက်တိုက်ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်တွင်း ဒေါ်လာဈေးနှုန်းဟာ ဩဂုတ်လဒုတိယပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၄၄၀၀ကျော် အထိရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားလျှင် ကျပ် ၇၈ သိန်းဝန်းကျင်ကနေ ကျပ် ၇၄ သိန်းဝန်းကျင်အထိ ဈေးနှုန်းပြုတ်ကျလာတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမှုဟာ ဈေးကစားသူအများစုက ရွေးကောက်ပွဲ အပြောင်းအလဲ ဖြစ်လာခဲ့ရင် ဆုံးရှုံးမှု ရှိလာမှာကို စိုးရိမ်ပြီး ဒေါ်လာတွေကို ထုတ်ရောင်းတာကြောင့်လို့ ပြောပါတယ်။
“အခုရွေးကောက်ပွဲ လုပ်တော့မယ်။ သူတို့က မြို့နယ် ဘယ်လောက်မှာ ကျင်းပမယ်ဆိုပြီး ကြေညာလိုက်တဲ့အချိန်မှာ ဒီရွေးကောက်ပွဲဟာ မဖြစ်မနေ ဖြစ်လာတော့မယ့် အချိန်မှာ ဈေးကစားသူတွေက သူတို့လက်ထဲမှာ သိမ်းထားတဲ့ ဒေါ်လာတွေကို ထုတ်ရောင်းကြရတယ်။ ဒေါ်လာဈေး ကျတဲ့အခါမှာ မဖြစ်မနေ ရွှေဈေးကလည်း လိုက်ကျတယ်ပေါ့။ အဓိက ကတော့ အဲဒါပါပဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်း ဒေါ်လာဈေးနှုန်းဟာ ရွေးကောက်ပွဲ ပြီးတဲ့အထိ တဖြည်းဖြည်း ကျဆင်းလာနိုင်ပြီး ဒေါ်လာ ဈေးနှုန်း ကျဆင်းလာတာနဲ့အမျှ ပြည်တွင်း ရွှေဈေးနှုန်းတွေပါ ဆက်တိုက် ကျဆင်းလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဒီကာလမှာ ရောင်းမှားဝယ်မှား မဖြစ်အောင် သတိပြုဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရွှေဈေးကွက်အတွင်းမှာတော့ ဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ အကျဘက်ကို ဦးတည်နေတာကြောင့် ရွှေဝယ်ယူမှုထက် ဈေးနှုန်း ထက်ကျမှာကို စိုးရိမ်ပြီး ရောင်းချမှုများနေကာ ရွှေဆိုင်တွေက အခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၁ သိန်းကျော် ဈေးခွာဝယ်ယူမှု ရှိတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၃ ရက်နေ့ စစ်ကော်မရှင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီရဲ့ ရွှေရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားကို ကျပ် ၅,၈၉၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ကျပ် ၁၅သိန်း နီးပါး ကွာဟ နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media