“အောက်ခြေမှာတော့ လက်ရှိခက်ခဲတဲ့ စိန်ခေါ်မှုတွေက လက်တွေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်အရာတွေ အားလုံးဖြစ်နေတယ်။ အကာအကွယ်မရှိဘူး။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ဖြတ်ကျော်ရမှာပဲလေ” – နိုင်သန်းရွှေ (MUP ပါတီ)

ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးအပါအဝင် မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီအပေါ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ ကာလကနေ မဲပေးကာလအထိ လုံခြုံစွာ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ ကာကွယ်ပေးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ဩဂုတ် ၁၂ ရက်နေ့မှာ ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းမဖွဲ့စည်းခင် ရက်ပိုင်းအလိုမှာ ပြဌာန်းခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ဒီအခင်းအကျင်းက ဘယ်လိုသဘောကို ဆောင်ပါသလဲ။ ဥပဒေနဲ့ နည်းဥပဒေအပြောင်းအလဲတွေကြောင့် ဘယ်လိုစိန်ခေါ်ချက်တွေ ကြုံရနိုင်သလဲ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေအကြောင်း သိရနိုင်ဖို့ မွန်ညီညွတ်ရေးပါတီ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနဲ့ သံလွင်တိုင်းမ်က အခုလို မေးမြန်းထားပါတယ်။

မေး – စစ်အာဏာရှင်စနစ်ကို လက်တွဲပြီး တိုက်ပွဲဝင်မယ်လို့ မွန်ပြည်သစ်ပါတီ -AD ရဲ့ မွန်နိုင်ငံရေးပါတီတွေကို တိုက်တွန်းချက်နဲ့ပတ်သက်လို့ မွန်တိုးတက်ရေးပါတီအနေနဲ့ ဘာပြောလိုတာရှိမလဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပြောင်းလဲပြင်ဆင်မှုတွေ လုပ်ထားတာနဲ့ပတ်သက်လို့ ပါတီတွင်းမှာ ဘာတွေ ဆွေးနွေးထားတာရှိနေပြီလဲ။

ဖြေ – ကျွန်တော်တို့ တွေးထားချက်ချင်း မတူတဲ့အခါကျတော့ ကိုယ့်ရဲ့ပေးထားချက်ပေါ်မှာပဲ ကိုယ်ရဲ့ ရုန်းကန်လှုပ်ရှားရတယ်။ ကျွန်တော်တို့က ပြည်တွင်း နိုင်ငံရေးပါတီဖြစ်တဲ့အတွက် တခြားဘာတွေပြောပြောပေါ့။

သူ့အခြေအနေနဲ့ သူ ကိုယ့်အခြေအနေနဲ့ကိုယ် မူတည်ပြီး ကျွန်တော်တို့ကလည်း မွန်ပြည်သူအကျိုးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်သွားမှာပါ။

မေး – ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်နေသူတွေကို အာမခံ ကာကွယ်ပေးနိုင်မလား။ အဲဒီဥပဒေကြောင့် အကောင်းကနေ အဆိုးဘက်ကို ဦးတည်နိုင်မလား။

ဖြေ – နောက်ပြင်ဆင်တဲ့ ဥပဒေပေါ်မှာပဲ ပြောရတော့မှာပေါ့။ ပြင်ဆင်လိုက်တဲ့ဥပဒေက နိုင်ငံရေးပါတီအတွက် အရမ်းကို အခက်အခဲဖြစ်တဲ့ အကြပ်အတည်းဖြစ်တဲ့ အောက်မှာ ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားရမှာဖြစ်တယ်။

ရွေးကောက်ပွဲကလည်း တချို့မဲဆန္ဒနယ်မှာ ကျွန်တော်တို့အတွက်လည်း လှုပ်ရှားရတာ ခက်တယ်။ ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူးလေ။ နိုင်ငံရေးပါတီ တော်တော်များများကလည်း အဲဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ဖြစ်နိုင်တယ်။

အခုပြင်ဆင်တဲ့ ဥပဒေအပေါ်မှာလည်း နိုင်ငံရေးပါတီအတွက်တော့ အများကြီး အခက်အခဲဖြစ်တယ်။ လက်ရှိနိုင်ငံရေးအခြေအနေကလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲကို ကာကွယ်ပေးတဲ့ဥပဒေ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါကဥပဒေလမ်းကြောင်းအရတော့ မှန်ကန်ပေမယ့် ကျွန်တော်တို့ လက်တွေ့အကောင်အထည် ဖော်တဲ့အခါကျတော့ ကျွန်တော်တို့မှာလည်း ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။

ကျွန်တော်တို့ ရွေးကောက်ပွဲဝင်သူတွေကို အကာအကွယ်ပေးတယ်သာ ပြောသာပြောတယ်။ တကယ်လက်တွေ့မှာတော့ အောက်ခြေမှာ ရုန်းကန်နေရတဲ့အခါကျတော့ ဒီဥပဒေက ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်မလဲ မသိဘူး။

ဒါပေမယ့် အောက်ခြေမှာတော့ လက်ရှိခက်ခဲတဲ့ စိန်ခေါ်မှုတွေက လက်တွေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်အရာတွေ အားလုံးဖြစ်နေတယ်။ အကာအကွယ်မရှိဘူး။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ဖြတ်ကျော်ရမှာပဲလေ။

မေး – ရွေးကောက်ပွဲမှာ လိမ်လည်တိုင်တန်းမှု တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်လို့ မဲဆန္ဒရှင်တွေ ပါတီဝင်တွေကို အသိပညာပေးတာမျိုး ရှိမလား။

ဖြေ – မဲပေးတဲ့ စနစ်ပေါ်မှာ မဲပေးတဲ့စက်ပေါ်မှာရော နောက်ပြီး မမှားအောင် UEC နဲ့ စုပေါင်းပြီးတော့ ဖြစ်နိုင်ချေက အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် မဲဆန္ဒရှင်တွေကို ပညာပေးဖို့ အစီအစဉ်တွေတော့ လုပ်ထားတာရှိတယ်။

အကြမ်းဖျဉ်း ကျွန်တော်တို့ ဆွဲထားတာရှိတယ်။ အားလုံးတော့ မသိသေးဘူး။ သိရင် မဲဆန္ဒရှင်တွေကို ကျွန်တော်တို့ ပြောပြမယ် ပညာပေးအစီအစဉ်တစ်ခု ပြောပြဖို့ ရှိတယ်။

မေး – ရွေးကောက်ပွဲဝင် ပါတီတွေက မီဒီယာတွေနဲ့ ပြောဆိုခွင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ ထုတ်ဖော်ရေးသားခွင့်တွေကို ရွေးကော်ရဲ့ခွင့်ပြုချက်နဲ့ လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့အပေါ်မှာရော ဘယ်လိုတုံ့ပြန်ချင်လဲ။

ဖြေ = မဲဆွယ်စည်းရုံးတာတို့ ဆိုရှယ်မီဒီယာလို့တော့ မဆိုလိုဘူး။ ကျွန်တော်တို့နားလည်တာက သတင်းစာရှင်းလင်းပွဲလိုမျိုး ရွေးကောက်ပွဲအတွက် လုံခြုံရေးအရ သူတို့စီစဉ်ပေးလို့ရအောင် တင်ပြဖို့ရှိတယ်။

ဟောပြောပွဲတွေကျ တင်ရမှာပေါ့။ ဒီဥပဒေက အဲဒီလိုပဲ နားလည်တယ်။ အဲဒီလောက်ထိတော့ ထိခိုက်မယ်မထင်ဘူး ဒီဥပဒေအရ။

မေး – နိုင်သူအကုန်ယူနဲ့ အချိုးကျကိုယ်စားပြုစနစ် နှစ်ခုကိုရောပြီး လုပ်မှာမို့လို့ ဆရာတို့ပါတီအနေနဲ့ စိန်ခေါ်မှု ရှိလာနိုင်မလား။

ဖြေ – အရင်က စိန်ခေါ်မှုတွေက ပြည်သူ့လွှတ်တော်မှာတော့ အရင်အတိုင်းပဲ။ အမျိုးသားလွှတ်တော်မှာ စိန်ခေါ်မှုတွေ ရှိတယ်။ လွှတ်တော်မှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။

လုပ်တဲ့အခါ တချို့မဲဆန္ဒနယ်တွေက မဲဆန္ဒရှင်သိပ်မရှိဘူး။အဲဒီအတွက် ကိုယ်စားလှယ်လောင်းခန့်ရမယ်။ လိုအပ်တဲ့ ရန်ပုံငွေကျတော့ အခက်အခဲရှိတယ်။ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက်လည်း အခက်အခဲရှိတယ်။

မေး – ဆရာတို့ပါတီအနေနဲ့ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွမှာ ဘယ်နှနေရာလောက် ဝင်ပြိုင်မလဲ။

ဖြေ – ဘယ်နေရာမှာ ဘယ်နှစ်ဦးဝင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ အဲဒါတစ်ခုရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပေးထားချက်အပေါ်မှာ မူတည်ပြီးတော့ အမျိုးသားအကျိုးစီးပွားအတွက်ပါ ပေးထားချက်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားရမှာပါ။

သံလွင်တိုင်းမ်

ဓာတ်ပုံ – MUP ပါတီ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့စဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.