ဝါရှင်တန်၊ သြဂုတ် ၁၂
သြဂုတ် ၁၅ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံချိန် ယူကရိန်း နယ်မြေ တချို့ ပြန်လည် ရရှိရေး တောင်းဆိုပေးသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ရုရှားက ယူကရိန်း နယ်မြေ အများအပြားကို သိမ်းထားပါတယ်။ သူတို့က အဓိကနေရာတွေကို သိမ်းယူထားပါတယ်။ ယူကရိန်းအတွက် နယ်မြေ တချို့ ပြန်ရဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ဆိုတာပါ။

သူနဲ့ ရုရှားသမ္မတတို့ အလက်စကားမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး ပူတင်နဲ့ တွေ့တဲ့ နှစ်မိနစ်လောက် အချိန်အတွင်း ဆွေးနွေးမှု အခြေအနေ တိုးတက်နိုင်၊ မတိုးတက်နိုင်ဆိုတာကို သိရှိနိုင်တယ်လို့ ပြောပါတယ်။
လာမယ့် သောကြာနေ့ ဩဂုတ် ၁၅ ရက် သမ္မတ ပူတင်နဲ့ တွေ့ဆုံမှုဟာ ကနဦး ထိပ်တိုက် ဆွေးနွေးမှု ဖြစ်ပြီး စစ်ပွဲအဆုံးသတ်ရေး တိုက်တွန်း ပြောကြားသွားဖို့ ရည်ရွယ်ကြောင်း ထရန့်က ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား အသီးသီး သိမ်းယူထားတဲ့ နယ်မြေတွေကို လဲလှယ်ဖို့လည်း ထရန့်က အဆိုပြုထားပါတယ်။
နယ်မြေတွေ လဲလှယ်ဖို့ ဆိုတဲ့ စကားကို သူက ပထမဆုံး ပြောဆိုတာ ဖြစ်ပေမယ့် ရုရှားက ဘယ်နယ်မြေတွေကို ယူကရိန်းဆီ ပေးအပ်သွားမှာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဆွေးနွေးမှုအတွင်း ပူတင်အနေနဲ့ တစ်ခုခု သဘောတူခဲ့မယ်ဆိုရင် လေးစားတဲ့အနေနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အရင်ဦးဆုံး အသိပေးသွားမှာ ဖြစ်ပြီး ဥရောပ ခေါင်းဆောင်တွေကိုလည်း အသိပေးသွားမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
အနာဂတ် ဆွေးနွေးမှုတွေမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေအနေနဲ့ ဇီလန်စကီးလည်း ပါဝင်မှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ ကာဂျာ ကောလက်စ်က ထရန့် အနေနဲ့ လမ်းဟောင်းလိုက်ပြီး နယ်မြေတွေ ပိုင်ခြားဖို့ ပြောဆိုပြီးတော့ သြဇာလွှမ်းမိုးဖို့ ကြိုးစားမယ့်ပုံ ပေါ်တယ်လို့ ပြောပါတယ်။
ဥရောပကတော့ ယူကရိန်း သဘောတူညီမှု မရှိတဲ့ သဘောတူညီမှု တစ်ရပ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Ref:BBC