နေပြည်တော် ၊ ဩဂုတ် ၁၃
အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ မြေပြင်တိုက်ခိုက်ရေးအတွက် တပ်သားအင်အားလိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ စစ်တပ်ရဲ့ လူလှိုင်းအဖြစ် အဓမ္မ အသုံးချခံနေရပါတယ်။
ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကနေ ၁၆ အထိ နည်းပေါင်းစုံနဲ့ စုဆောင်းခံထားရတဲ့ သောင်းနဲ့ချီ လူငယ်တွေဟာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်နဲ့အတူ ခုခံစစ်တွေမှာ လူသားဒိုင်းသဖွယ် တွန်းပို့ခံနေရတာပါ။
တစ်ဘက်မှာ ဒီနှစ်ကုန်ပိုင်းအတွင်း ကျင်းပဖို့ ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးအပါအဝင် ဒေသတည်ငြိမ်းရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် စစ်မှုထမ်းတပ်သား လိုအပ်ချက်ဟာ တဖြည်းဖြည်း မြင့်မားလာနေပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အနေနဲ့ အဓိက လိုအပ်ချက်ဟာ စစ်အင်အားဖြစ်လို့ ရွေးကောက်ပွဲနေရာတွေကို ကာကွယ်ဖို့ အရှိန်အဟုန်မပျက် စစ်အင်အားစုဆောင်းနေမှာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ရှုံးရာကနေ စစ်ရေးအရ အရှိန်မြှင့်လာတဲ့ အနေအထားဆိုတော့ သူတို့အတွက် (စစ်တပ်) အဓိက လိုအပ်ချက်က စစ်အင်အားပဲ။ ဆိုတော့ ရွေးကောက်ပွဲကို တရှိန်ထိုး ကြီးထွားလာတဲ့ စစ်အင်အားနဲ့ ဖြစ်အောင် လုပ်မယ်။ ရွေးကောက်ပွဲနေရာတွေကို ကာကွယ်မယ်ပေါ့။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမတိုင်ခင် မလုပ်ခင်ကာလတွေမှာ စစ်အင်အားစုဆောင်းမှုက အရှိန်အဟုန်မပျက် ဆက်လုပ်နေမှာပဲဖြစ်တယ်” လို့ ဆိုပါတယ်။
လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် စစ်ရေးတင်းမာနေတဲ့ နယ်မြေတချို့နဲ့ အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ နယ်မြေတွေမှာ စစ်တပ်က တန်ပြန်ထိုးစစ်နဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေပါပြီ။
နိုင်ငံ့အာဏာသုံးရပ် လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးဖို့ စစ်တပ်ကို အပ်နှင်းထားတာပါ။
ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းရေးနဲ့ နယ်မြေဒေသတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ အကြောင်းပြထားပြီး ရက်ပေါင်း ၉၀ အထိ သတ်မှတ်ထားပါတယ်။
ဒါကြောင့် ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်ဘက်က စွန့်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့အရေး မြေပြင်ထိုးစစ်တွေမှာ အင်အားလိုအပ်ချက် ဖြည့်တင်းဖို့ တပ်သားစုဆောင်းမှုတွေကို မပျက်တမ်း လုပ်ဆောင်လာနေတာပါ။
လူငယ်တွေအနေနဲ့ စစ်မှုထမ်းတိမ်းရှောင်တာဖြစ်စေ တော်လှန်ရေးအဖွဲ့တွေထံ လာရောက်ပူးပေါင်းတာဖြစ်စေ အမြဲလက်ခံနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ ကာကွယ်ရေးဌာနရဲ့ ဌာနမှူး တလနိုင်က ပြောပါတယ်။
“ပြည်တွင်းထဲကနေ စစ်မှုထမ်းဥပဒေကို ရှောင်တဲ့ လူငယ်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းတဲ့ လူငယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကာကွယ်ရေးဌာနက အမြဲတမ်း လက်ခံကြိုဆိုနေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဆီ လာတဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ့်ဟာတွေ ရှိတယ်။ တကယ်လို့ အဲဒါတွေ (လိုက်နာဖို့ ) အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အချိန်မရွေး ကြိုဆိုလက်ခံနေပါတယ်” လို့ ဆိုပါတယ်။
မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီကနေ အသွင်ပြောင်းထားတဲ့ စစ်ကော်မရှင်ရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဩဂုတ်လဆန်းကစပြီး ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်မှုထမ်းဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေထံ မပျက်မကွက် သတင်းပို့ရမှာဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဖော်ပြထားတာပါ။
ဒါဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တိုင်း စစ်မှုထမ်းဖို့ သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ မဖြစ်မနေ အမည်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။
အဲဒီကနေ ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွင်း ထည့်သွင်းထားတာမို့ စစ်မှုထမ်းတိမ်းရှောင်ရင်တောင် ပြည်တွင်းက လေဆိပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဲဒီ စနစ်နဲ့ အစစ်ခံရရင် တားဆီးခံရမယ့်အပြင် အဖမ်းခံရနိုင်တဲ့ အခြေအနေပါ။
ဒါကြောင့် စစ်မှုထမ်းဆင့်ခေါ်မှုက နိုင်ငံတွင်းရှိ လူငယ်တွေအနေနဲ့ ဖြစ်တဲ့နည်းနဲ့ တရားမဝင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်တာတွေ များပြားလာနေတဲ့အတွက် ဒေသတွင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုနဲ့ စစ်မှုထမ်းဖို့ ပြန်လွှတ်ခံရတာလည်း ရှိနေပြန်ပါတယ်။
“နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူဝင်မှုပြဿနာရှိနိုင်တယ်ဆိုပြီးမှ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးရမယ်ဆိုတဲ့ဟာတွေ သူတို့ (ထိုင်းအာဏာပိုင်တွေ) လုပ်လာကြတဲ့အခါမှာ နယ်စပ်ဒေသတွေဖြစ်တဲ့ ချင်းမိုင်၊ ချင်းရိုင်၊ မဲဟောင်ဆောင်၊ ကန်ချနာပူရီ၊ မဲဆောက် နောက်ပြီး ရနောင်း စသဖြင့် ပိုက်စိပ်တိုက်ကို ရှာဖွေဖမ်းဆီးတဲ့အခါမှာ ကျွန်တော်တို့ လုပ်သားတွေက အန္တရာယ်ကြောင့် ထွက်ပြေးလာသော်လည်း သူတို့ (မြန်မာနိုင်ငံသားတွေ) ရင်းလာတဲ့ ငွေကြေးတွေအားလုံးကို ဆုံးရှုံးသွားသလို သူတို့ ကိုယ်တိုင် ဒီနိုင်ငံကို ကောင်းမွန်စွာ မရောက်ရှိပဲနဲ့ နေရပ်ကို ပြန်ပို့တဲ့အခါမှာ စစ်ကောင်စီလက်ထဲကို ပြန်ပို့ခံရတာတွေ ဖြစ်လာတယ်။ အဲဒါကျ အလွန်ဆိုးဝါးတဲ့ ပြဿနာဖြစ်ပါတယ် ခင်ဗျ”လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်က ပြောပါတယ်။
ဇွန်နှောင်းပိုင်းအတွင်း ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းစာရင်းကောက်ခံမှုကို ခြောက်လဖြစ်စေ တစ်နှစ်ဖြစ်စေ ရပ်ဆိုင်းပေးဖို့ နိုင်ငံရေးသမားတချို့က အကြံပြုဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအကြုံပြုချက်ကို လက်ရှိအချိန်အထိတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာကို လွှဲယူထားတဲ့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထည့်သွင်းစဉ်းစားခြင်း မရှိသေးပါဘူး။
စစ်မှုထမ်းနည်းဥပဒေမှာလည်း အသက်ပြည့်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွာခွင့် ပိတ်ပင်တားမြစ်ထားသလို လျှို့ဝှက်အမိန့်ဆိုပြီး နိုင်ငံကူးလက်မှတ်အမျိုးအစားတွေကို ပြောင်းလဲခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ဒီလိုမျိုး အဘက်ဘက်က ထွက်ပေါက်ပိတ်နေတဲ့ လူငယ်တွေအနေနဲ့ စစ်တပ်ထိန်းချုပ်မှုအောက်ကနေ ရှောင်ပြေးတာထက် ရင်ဆိုင်ဖို့ တိုင်းပြည်တာဝန်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့အတူ ကျရာကဏ္ဍမှာ ဝင်ရောက်ထမ်းဆောင်သင့်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေတာပါ။
“စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးလက်တံမှီနေတဲ့ နေရာဒေသတွေမှာ မနေကြဖို့ လိုတယ်။ကိုယ်က တော် လှန်ရေးထဲမှာ စစ်မတိုက်နိုင်ဘူးဆိုရင်တောင် တခြား တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ ပညာသင်ကြားရေးပဲဖြစ်ပါစေ ကျန်းမာရေးစောင့်ရှောက်မှုပဲဖြစ်ပါစေ နယ်မြေဒေသလုံခြုံရေးအတွက် အသိပညာပေးတာပဲဖြစ်ပါစေ ရပ်ရွာလူထုရဲ့ စားဝတ်နေရေးကို ဝိုင်းကူတာပဲဖြစ်ပါစေ လွတ်မြောက်ဒေသတွေမှာ လာပြီးတော့ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ ဝိုင်းလုပ်ရင်းနဲ့မှ ကျွန်တော်တို့ တတိုင်းပြည်လုံး အားလုံးအေးချမ်းဖို့ ဝိုင်းဝန်းပါဝင် ကြိုးစားကြဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းအကြံပြုချင်ပါတယ်ဗျ” လို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားတွေဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားတာပါ။
ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာအရ လူငယ် ၁၀ ယောက်မှာ ၄ ယောက်ဟာ ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနဲ့ စစ်မှုထမ်းကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာလိုကြတယ်လို့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI