ဘားအံ၊ သြဂုတ် ၁၂
ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်တွန်းလှန်မှုတွေကြောင့် စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့် အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုဟာ မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဌက ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့မှာ ပြောလိုက်ပါတယ်။
နိုင်ငံ့အာဏာ အဓမ္မလုယူမှုကြောင့် စစ်အုပ်စုကို တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊ ပြည်သူလူထုတွေ၊ လူငယ်တွေဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်လှန်နေခဲ့ကြပြီး ဒီဆန့်ကျင်တွန်းလှန်မှုတွေက ပြင်းထန်လွန်းတဲ့အတွက် စစ်အုပ်စုဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့တဲ့ အနေအထားကို ရောက်နေတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ဆိုထားတာပါ။
စစ်အုပ်စုဟာ နိုင်ငံရဲ့ အခက်အခဲပြသနာတွေကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းလိုစိတ်မရှိဘဲ ၄ နှစ်ကျော်ကြာ နိုင်ငံ့အာဏာ လုယူသိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ကာလပြီးတဲ့နောက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်အပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေရာမှာ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို အစားထိုးပြောင်းလဲဖွဲ့စည်းခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အာဏာအားလုံးဟာ အာဏာရှင် မင်းအောင်လှိုင် တစ်ဦးတစ်ယောက်ထဲကပဲ ချုပ်ကိုင်ထားတဲ့ အဖွဲ့လက်ထဲကို ပေးအပ်ထားတာဖြစ်တယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
စစ်အာဏာရှင်အုပ်စုဟာ တနိုင်ငံလုံးရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီနှစ်အကုန်မှာ ကျင်းပနိုင်ဖို့ဆိုပြီး စိုင်းပြင်ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေသလို ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ဖို့အတွက်နဲ့ မျက်လှည့်ပြဖို့အတွက်သာဖြစ်တယ်လို့ ဆိုထားပါတယ်။
ရွေးကောက်ပွဲကျင်းပတာဟာ နိုင်ငံရေးမှာ စစ်တပ်ကို အာဏာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံအတည်ပြုပေးထားတာဖြစ်ပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့အတွက်ပဲ ဖြစ်သလို နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အရှိန်မြင့်လာစေဖို့၊ ပိုမိုပြင်းထန်လာစေစဖို့အတွက်ပဲဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
အထူးသဖြင့် ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ စစ်အာဏာရှင်အုပ်စုကို အမြစ်နိုင်ဖို့အတွက် အားလုံး ကျရာကဏ္ဍကနေ နည်းလမ်းအသွယ်သွယ်နဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU